www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 19, 2015

ချင်းပြည်နယ် ၏ မြို့တော်ဟားခါးမြို့ ရှိ ရပ်ကွက်အချို့ကို ဘူမိဗေဒပညာရှင်များ၏ စစ်ဆေးချက်အရ ပြောင်းရွှေ့ရမည်




ဟားခါး ၊ ၁၉-၈-၂၀၁၅

ချင်းပြည်နယ်၏ မြို့တော် ဟားခါးတွင် မြေပြိုအိမ်ပြိုမှု ဖြစ်ပွား ခဲ့ပြီးသည့် နောက်ပိုင်း ဘူမိဗေဒ ပညာရှင်များ၏ စစ်ဆေးချက် အရ မြို့ပေါ်ရပ်ကွက် သုံးခုသည် မဖြစ်မနေ ပြောင်းရွှေ့ ရမည်ဟု ချင်းပြည်နယ် အစိုးရအဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

ဟားခါး မြို့ပေါ်တွင် ရပ်ကွက် ခြောက်ခု ရှိသည့်အနက် မြို့ဟောင်း၊ ပြည်တော်သာ၊ ကျောပုတ် စသည့် ရပ်ကွက် သုံးခုသည် မြေပြိုမှု အခြေအနေ ဆိုးသည့် အတွက် မဖြစ်မနေ ပြောင်းရွှေ့ ရမည် ဖြစ်ကြောင်း သိရသည်။

''အစက တစ်မြို့လုံး ပြောင်းရ မယ်လို့ ပြောနေတယ်။ မဟုတ်ပါဘူး။ မြေသား ခိုင်မာတဲ့ နေရာတွေ လဲ ရှိတယ်။ အခြေအနေ ဆိုးတဲ့ ရပ်ကွက်သုံးခု ကတော့ မပြောင်းလို့ မဖြစ်ဘူး ဆိုတာကို အားလုံးမြင် ပါတယ်။ ပြောင်းရမယ့် နေရာသစ်ကို ဖလမ်းဘက် အထွက်လမ်းက ၈ မိုင် ပတ်လည် နေရာမှာ လျာထားတယ်''ဟု ချင်းပြည်နယ် အစိုးရ အဖွဲ့ဝင် သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်ငြိမ်း က ပြောပြသည်။

ဘူမိဗေဒ ပညာရှင်များ သတ္တုတွင်း ဝန်ကြီးဌာနတွင် ကျွမ်းကျင် သူများနှင့် မြေငလျင် တိုင်းထွာရေး အဖွဲ့ဝင်များသည် ဟားခါးမြို့သို့ သြဂုတ် ၁၁ ရက်က ရောက်ရှိနေပြီး မြေသား စစ်ဆေးမှု ပြုလုပ်နေကာ စစ်ဆေး တွေ့ရှိချက် များကို တစ်လခန့် အကြာတွင် ထုတ်ပြန် နိုင်မည် ဖြစ်ကြောင်း သိရသည်။

ဟားခါးမြို့တွင် ပြီးခဲ့သည့် ဇူလိုင် နောက်ဆုံးပတ် ခန့်က မြေပြိုမှု၊ အိမ်ပြိုမှုများ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း နေအိမ် အလုံးပေါင်း ၅၆၆ လုံး အိမ်ထောင်စု ၁၃၄၅ စု အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ ရကြောင်း သိရသည်။

ထို့ပြင် တီးတိန်နှင့် အနီးအနား တစ်ဝိုက် ကျေးရွာများ တွင်လည်း နေအိမ် အလုံးပေါင်း ၂ဝဝ ကျော်၊ ပလက်ဝတွင် ၁၁ လုံး ပြိုကျပျက်စီးပြီး ဘေးလွတ်ရာသို့ ရွှေ့ပြောင်း နေထိုင်နေ ရကြောင်း၊ ဟားခါးမြို့တွင် အိမ်ပြိုသည့် သူများ၊ မြေသား စိတ်မချရသည့် အိမ်များတွင် နေထိုင်သည့် မိသားစုများ ပါ စုစုပေါင်း ၅ဝဝဝ ကျော် ကယ်ဆယ်ရေး စခန်းရှစ်ခုတွင် ဝင်ရောက် ခိုလှုံ နေရကြောင်း ၄င်းက ဆက်လက် ပြောပြ၍ သိရသည်။

ကျော်လွင်

ရတနာပုံနေ့စဉ် ၊ စာ(၁၀)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger