www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, July 5, 2015

အင်းတော်ကြီးကန် အား လူသားနှင့် ဇီဝအ၀န်း နယ်မြေအဖြစ် သတ်မှတ်နိုင်ရန် စက်တင်ဘာလအတွင်း UNESCO သို့ တင်ပြမည်



ရန်ကုန် ၊ ၅-၇-၂၀၁၅

မြန်မာနိုင်ငံ၏ အကြီးဆုံး ရေကန်ကြီး ဖြစ်သော ကချင်ပြည်နယ် ရှိ အင်းတော်ကြီးကန် အား လူသားနှင့် ဇီဝအဝန်း နယ်မြေ အဖြစ် သတ်မှတ်နိုင်ရန် ယခုနှစ် စက်တင်ဘာလ အတွင်း UNESCO သို့ တင်ပြသွားမည် ဖြစ်ပြီး လာမည့်နှစ် အတွင်း စာရင်းဝင် နိုင်ရန် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း နိုင်ငံတကာ တောရိုင်း တိရ စ္ဆာန်နှင့် အပင်များအဖွဲ့ FAUNA & FLORA INTERNATIONAL မှ သိရသည်။

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် တွင် တည်ရှိသော အင်းတော်ကြီး တောရိုင်း တိရစ္ဆာန် ဘေးမဲ့တောတွင် ရေပျော်ငှက် ၉၉ မျိုး၊ ငှက်မျိုးစိတ် ပေါင်း ၄၄၉ မျိုး ကျက်စားလျက် ရှိပြီး အင်းတော်ကြီး ချိုင့်ဝှမ်းဒေသ တွင် ယခုနှစ်အစောပိုင်း အထိ ငါးမျိုးစိတ် ၉၅ မျိုး တွေ့ရှိ ထားသည်။ ထို့အပြင် အင်းတော်ကြီးကန် နှင့် ပတ်ဝန်းကျင် ရေတိမ်ဒေသ တို့တွင် ဆောင်းခိုငှက် ကောင်ရေ ၂ဝဝဝဝ ကျော် နှစ်စဉ်နားခို ကြပြီး မျိုးပွားရာ နေရာ ဖြစ်သောကြောင့် ကမ္ဘာလုံးဆိုင်ရာ အရေးပါသော ငှက်စားကျက် နယ်မြေတစ်ခု ဖြစ်ကြောင်း သိရသည်။

အင်းတော်ကြီး တောရိုင်း တိရစ္ဆာန် ဘေးမဲ့တောသည် ဧရိယာ စတုရန်းမိုင် ၃၁၄ ဒသမ ၆၇ ကျယ်ဝန်းကာ အမြဲစိမ်းတော နှင့် ရေတိမ်ဂေဟ စနစ်တို့ကို ထိန်းသိမ်း ထားပြီး ဆင်၊ သမင်၊ ဆတ်၊ စိုင်၊ တောဆိတ်နှင့် ဆောင်းခိုငှက်များ နေထိုင်ကျက်စား ကြသည်။

ထို့အပြင် ထိန်းသိမ်းရန် လိုအပ်သော နှုတ်သီးရှည် လင်းတ၊ ဝန်ပို၊ သိမ်းငှက်၊ ကြိုးကြာခေါင်းနီ၊ ငှက်ကြီးဝန်ပို၊ ဥပန်းနှင့် ငှက်ကုလား အပါအဝင် ရေပျော်ငှက် မျိုးစိတ် စုစုပေါင်း ၉၇ မျိုးကျော် တွေ့ရှိ ရသောကြောင့် အာဆီယံ အမွေအနှစ် ဥယျာဉ်အဖြစ် အသိအမှတ်ပြု ခံရသော ဒေသလည်း ဖြစ်သည်။

အင်းတော်ကြီး တောရိုင်း တိရစ္ဆာန် ဘေးမဲ့တောအား ဇီဝအဝန်း နယ်မြေအဖြစ် အဆိုပြုရန် ၂ဝ၁၃ ခုနှစ်တွင် စတင်ဆုံးဖြတ် ခဲ့ကာ ၁၉၉၆ ခုနှစ်တွင် ဘေးမဲ့တော အဖြစ် တရားဝင် အသိအမှတ်ပြု ခဲ့ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံတွင် ကျင်းပသော (၂၇) ကြိမ်မြောက် လူသားနှင့် ဇီဝအဝန်း နယ်မြေ အစီအစဉ် ဆိုင်ရာ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး ကောင်စီ (MAB ICC) အစည်းအဝေးတွင် ယူနက်စကို အဖွဲ့ဝင် နိုင်ငံပေါင်း ၁၉ နိုင်ငံတို့က နေရာ ၂၆ ခုကို ဇီဝအဝန်း နယ်မြေအဖြစ် အဆိုပြု တင်သွင်း ခဲ့ကြပြီး ယင်းတို့ထဲမှ နယ်မြေ ၂ဝ ကို အတည်ပြု သတ်မှတ်ခဲ့ရာ မြန်မာနိုင်ငံရှိ အင်းလေးကန် ပါဝင်ကြောင်း ယူနက်စကို ၏ ထုတ်ပြန်ချက် အရ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger