www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, July 5, 2015

ပြည်ပဈေးကွက်သို့ ပိုမိုတင်ပို့နိုင်ရန် ပျားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်လိုသူများအား နည်းပညာ နှင့် အရင်းအနှီးများ ထုတ်ပေးမည်



ရန်ကုန် ၊ ၅-၇-၂၀၁၅

မြန်မာနိုင်ငံမှ ပျားရည်များကို ပြည်ပ ဈေးကွက်များမှ ဝယ်လိုအား ရှိနေသောကြောင့် မြန်မာနိုင်ငံမှ ထွက်ရှိသော ဆီးပျားရည်၊ ပန်းနှမ်း ပျားရည်နှင့် နေကြာ ပျားရည်များကို တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ထိုင်း၊ ဥရောပ နိုင်ငံများနှင့် အနောက်နိုင်ငံ များသို့ တင်ပို့ ရောင်းချလျက် ရှိရာ ပြည်ပ ဈေးကွက်သို့ ပိုမိုတင်ပို့ နိုင်ရန် ပျားမွေးမြူရေး လုပ်ငန်း လုပ်ကိုင်လို သူများအား အရင်းအနှီးနှင့် နည်းပညာများ ကူညီမည် ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ ဖြိုးရေး ဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ပျားလုပ်ငန်း ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇံထွေး ထံမှ သိရသည်။

မြန်မာနိုင်ငံရှိ ပျားမွေးမြူရေး လုပ်ငန်းရှင် များသည် ပျားအုံ ၁၂ဝဝဝဝ ကျော် မွေးမြူထားရာ တစ်နှစ်လျှင် ပျားရည်တန်ချိန် ၆ဝဝဝ ကျော် ထွက်ရှိပြီး ပြည်ပသို့ တန်ချိန် ၄၅ဝဝ ခန့် တင်ပို့လျက် ရှိကြောင်း၊ စိတ်ဝင်စားသူများ အနေဖြင့် လက်တွေ့ စီးပွားဖြစ် မွေးမြူလိုပါက နီးစပ်ရာ ပျားလုပ်ငန်း ဌာန တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ရုံးချုပ်များတွင် ဆက်သွယ် နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ပျားမွေးမြူရေး လုပ်ငန်းများကို မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ် တို့တွင် အများဆုံး လုပ်ကိုင်လျက် ရှိကြောင်း၊ ပျားရည်တွင် ဆီးပျားရည်၊ လဲမှို့ပျားရည်၊ နေကြာပျားရည်၊ ပန်းနှမ်းပျားရည် ဟူ၍ရှိပြီး မှီတွယ်ရသော သစ်ပင် အမျိုးအစား အလိုက် ပျားရည်ရရှိ ကြကာ ဆီးပျားရည်၊ ပန်းနှမ်းပျားရည် နှင့် နေကြာပျားရည် များကို ပြည်ပ ဈေးကွက်သို့ တင်ပို့ ကြကြောင်း သိရသည်။

ဆီးပျားရည်ကို စစ်ကိုင်းတိုင်း ဒေသကြီး၊ ချင်းတွင်းမြစ်၊ မူးမြစ် အနောက်ဘက် မုံရွာမြို့နယ်၊ မြင်းမူမြို့နယ်၊ ကနီမြို့နှင့် ပတ်ဝန်းကျင် ဒေသများမှ လည်းကောင်း၊ လဲမှို့ပျားရည်ကို မတ္တရာမြို့နယ် ဆူးလေကုန်း၊ တောင်ကုန်း၊ တောင်ပြုန်းဒေသ များမှ လည်းကောင်း၊ ပန်းနှမ်း ပျားရည်ကို ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် ကသာ၊ ကောလင်းဒေသ များမှ လည်းကောင်း၊ သဘာဝ ပျားရည်ကို ကောလင်း၊ ဝန်းသို စသည့် ဒေသများမှ လည်းကောင်း အများဆုံး ထွက်ရှိပြီး ပြည်တွင်းပြည်ပ ဈေးကွက် ဝယ်လိုအား ရှိနေသဖြင့် ဈေးကွက် ဝယ်လိုအား ပမာဏမှာ နှစ်စဉ် တိုးတက်လျက် ရှိကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ့ပျားရည် များမှာ ပြည်ပ ဝယ်လိုအား ရှိနေသော်လည်း ပြည်တွင်းတွင် ရာသီဥတု ဖောက်ပြန်မှု၊ နေကြာပန်း၊ နှမ်း စသည့် သီးနှံများ စိုက်ပျိုးမှု နည်းပါး လာမှုများကြောင့် ပျားရည် ထွက်ရှိမှု လျော့နည်းလာပြီး ပြည်တွင်း ထုတ်လုပ်မှု ကျဆင်းနေ သဖြင့် ပြည်ပဈေးကွက် ဝယ်လိုအား ပြည့်မီအောင် တင်ပို့နိုင်ခြင်း မပြုနိုင်ကြောင်း၊ လက်ရှိတွင် ပုဂ္ဂလိက ပျားမွေးမြူရေး လုပ်ငန်းများကို တောင်ကြီး၊ အောင်ပန်း၊ ပြင်ဦးလွင်၊ နောင်ချို၊ ကျောက်မဲနှင့် မန္တလေးတိုင်း ဒေသကြီး အတွင်း အများဆုံး လုပ်ကိုင် ဆောင်ရွက် နေကြောင်း ပျားရည် ရောင်းဝယ်ရေး လုပ်ငန်းရှင်များ ထံမှ သိရသည်။

လက်ရှိတွင် မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပျားမွေးမြူရေး ဦးစီးဌာန အနေဖြင့် ပြည်တွင်းပျား မွေးမြူရေး လုပ်ငန်းများ အတွက် ဖြည့်ဆည်း ကူညီ ဆောင်ရွက် ပေးနိုင်ရေး ရည်ရွယ်ချက် များနှင့် ပျားမွေးမြူရေး လုပ်ငန်းများကို ဦးစီး၍ လုပ်ကိုင် ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မန္တလေးတိုင်း ဒေသကြီး အတွင်း ပြင်ဦးလွင်၊ ပုသိမ်ကြီး၊ စဥ့်ကိုင်၊ပျော်ဘွယ်၊ ကျောက်ပန်းတောင်း မြို့နယ်တို့တွင် ပျားမွေးမြူရေး လုပ်ငန်းများ ကို လုပ်ကိုင်လျက် ရှိပြီး ပျားမွေးမြူရေး ဦးစီးဌာန အနေဖြင့် ပုဂ္ဂလိက ပျားမွေးမြူ လိုသူများကို ပျားအုံများ ရောင်းချပေးကာ လိုအပ်သည့် နည်းပညာ များလည်း ပံ့ပိုးကူညီ ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

ဇာညီသစ္စာ

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger