www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 28, 2015

မသန်စွမ်းကျောင်းသား ကျောင်းသူများအတွက် တက္ကသိုလ်ပညာသင်ဆု လျှောက်ထားသူ နည်းပါး


ရန်ကုန် ၊ ၂၈-၇-၂၀၁၅

မသန်စွမ်း ကျောင်းသား၊ ကျောင်းသူများ အတွက် ဒုတိယအကြိမ် တက္ကသိုလ် ပညာသင်ဆု လျှောက်လွှာများကို လက်ခံနေပြီ ဖြစ်သော်လည်း လျှောက်ထားသူ နည်းပါးလျက် ရှိကြောင်း မသန်စွမ်း သူများ ရှေ့ဆောင်အဖွဲ့ (MILI) မှ သိရသည်။

''ဒုတိယအကြိမ် ပညာသင်ဆုကို စက်တင်ဘာ ၃ဝ ရက် နောက်ဆုံးထားပြီး လက်ခံသွား မှာပါ။ ခုအချိန်ထိတော့ လာလျှောက် ထားတဲ့သူ နည်းပါး နေသေးတယ်။ တက္ကသိုလ် ပညာသင်ဆုကို တစ်နှစ်မှာ အယောက် ၁ဝဝ လောက် ပေးဖို့ ဆောင်ရွက် ထားပါတယ်'' ဟု MILI မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တက္ကသိုလ် ပညာသင်ဆု အဖြစ် Day တက်ရောက်မည့် သူများကို တစ်လလျှင် ငွေကျပ် ၁၂ဝဝဝဝ မှ ၁၅ဝဝဝဝ အထိ ပံ့ပိုးကူညီ ပေးမည်ဖြစ်ပြီး အဝေးသင် တက္ကသိုလ် တက်ရောက်မည့် သူများကို တစ်နှစ်လျှင် ငွေကျပ် ၅ဝဝဝဝဝ ပံ့ပိုးပေးမည် ဖြစ်သည်။

ထို့အပြင် ပညာရေး အတွက် လိုအပ်သည့် သင်ထောက်ကူ ပစ္စည်းများ ကိုလည်း ၄င်း အတိုးမဲ့ ချေးငွေဖြင့် ဝယ်ယူနိုင်မည် ဖြစ်ရာ ၄င်း အတိုးမဲ့ ချေးငွေအား ဘွဲ့ရရှိပြီး ငါးနှစ်အတွင်း အရစ်ကျ စနစ်ဖြင့် ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။

တက္ကသိုလ် ပညာသင်ဆု ရရှိထားသည့် မသန်စွမ်း ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် တက္ကသိုလ်မှ ကျင်းပသည့် စာမေးပွဲများကို ပုံမှန် အောင်မြင်ရမည် ဖြစ်ပြီး ကျရှုံးခဲ့ပါက ယင်းနှစ်အတွက် ပညာသင်စရိတ် ကို ဆက်လက်ပံ့ပိုး ပေးမည် မဟုတ်ကြောင်း၊ ပညာသင်စရိတ် ပြန်လည် ရယူပါက နောက်တစ်နှစ်တွင် ထပ်မံလျှောက် ရမည် ဖြစ်ကြောင်းနှင့် ပညာသင်ဆု လျှောက်ထားလို သူများ အနေဖြင့် အမှတ် (၁၇)၊ (၁၉) သာယာအေးလမ်း (၃)ရပ်ကွက် မရမ်းကုန်းမြို့နယ် ရန်ကုန်တိုင်း ဒေသကြီးသို့ လာရောက် လျှောက်ထား နိုင်ကြောင်း သိရသည်။

လင်းသူ

မြ၀တီနေ့စဉ် ၊ စာ(၁၂)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger