www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 28, 2015

ဘုရားကြီးမင်္ဂလာတိုက်ကျောင်း ပရဟိတဂေဟာမှ နှစ်စဉ်ကျောင်းသား ၁၀၀၀ ကျော်ာအား အခမဲ့ပညာသင် ကျွေးမွေးပြုစု စောင့်ရှောက်



ရန်ကုန် ၊ ၁၈-၇-၂၀၁၅

အခက်အခဲ များကြောင့် ပညာ မသင်ကြား နိုင်သော ကျောင်းနေအရွယ် ကလေးများ အသိပညာ၊ အတတ်ပညာများ ပြည့်စုံနိုင် စေရန် တွံတေးမြို့နယ် ဘုရားကြီး ကျေးရွာ မင်္ဂလာ ကျောင်းတိုက် ပရဟိတ ဂေဟာမှ နှစ်စဉ် အခြေခံပညာ မူလတန်းမှ တက္ကသိုလ် အထိ ပညာသင်ယူ နေသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁ဝဝဝ ကျော်တို့အား အခမဲ့ ပညာသင် ကျွေးမွေး စောင့်ရှောက် ပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ ပရဟိတ ဂေဟာကို ၁၉၉၉ ခုနှစ်မှ စတင်တည်ထောင် ခဲ့ခြင်းဖြစ်ပြီး ဆရာတော် ဘဒ္ဒန္တစန္ဒိမာ (မိဘမဲ့ ဆရာတော်)မှ ဦးစီးကာ ပရဟိတ ဂေဟာခန့် ဆရာ၊ ဆရာမ ၂၇ ဦးတို့က ကျောင်းသား၊ ကျောင်းသူ များအား ပညာသင်ကြား ပေးလျက် ရှိသည်။ ၄င်း ဂေဟာသည် လူမှုဝန်ထမ်း ဦးစီးဌာန၏ တတိယအဆင့် အသိအမှတ် ပြုခြင်းခံရသော ဂေဟာတစ်ခု ဖြစ်သည်။

''ဘုန်းဘုန်းတို့ ဒီကျောင်းမှာ မိမဲ့၊ ဖမဲ့၊ မိဘမဲ့ ကျောင်းနေအရွယ် ကလေးငယ် ၃ဝဝ ဦးခန့် ရှိပါတယ်။ ဒီကလေး တွေရဲ့ စားဝတ်နေရေးကို နာဂစ်ကာလ မတိုင်မီက ကွမ်းခြံကုန်း၊ ကော့မှူး၊ ဒလ၊ တွံတေးမြို့နယ် တွေမှာ တစ်ဆုပ်ဆန် အလှူခံ ထွက်ပြီး ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ နေရေး၊ စားရေးကို စောင့်ရှောက် ပေးခဲ့ရတယ်။ နာဂစ်ဖြစ်ပြီး နောက်ပိုင်းမှာ ဒီကျောင်းကို ကလေးတွေ အတော်များများ ရောက်လာပြီး အလှူရှင် တွေလည်း တိုးလာပါတယ်။ ခုဆို အလှူခံ ထွက်ဖို့လည်း မလိုတော့ ပါဘူး။ နှစ်စဉ် ကျောင်းသားဦးရေ ၁၀၀၀ ကျော်ကိုလည်း ဒီကျောင်း ကနေပဲ အခမဲ့ ပညာသင် ကျွေးမွေးပြုစု စောင့်ရှောက် ပေးနေပါတယ်'' ဟု ဆရာတော် ဘဒ္ဒန္တစန္ဒိမာ (မိဘမဲ့ ဆရာတော်)မှ မိန့်ကြားသည်။

အဆိုပါ ပညာသင် စောင့်ရှောက်ရေး ပရဟိတ ဂေဟာ၌ ဧရာဝတီတိုင်း ဒေသကြီးရှိ နာဂစ်မုန်တိုင်း ဒဏ်သင့်ခဲ့သည့် ဖျာပုံ၊ ကျိုက်လတ်၊ ဘိုကလေး၊ ဒေးဒရဲ၊ ပင်လယ်နှင့် ဆက်စပ်နေသော ကျေးရွာများမှ နာဂစ် မုန်တိုင်းသင့် ကျောင်းသား၊ ကျောင်းသူ ၄ဝဝ ဦး ပါဝင်သည်။ ထို့အပြင် ပအို့ဝ်၊ ပလောင်၊ ရှမ်းပြည်နယ် (တောင်၊ မြောက်) စသည့် ဒေသတို့မှ သွားလာရ ခက်ခဲပြီး ပညာသင်ကြား ရေးတွင် ခက်ခဲနေသော တိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူ ၃၅ဝ ဦး၊ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် အသီးသီးမှ လမ်းပျောက် နေသော ခိုကိုးရာမဲ့ ကလေးငယ် ၃ဝ ဦးကျော်၊ မိဘမဲ့ ကလေးငယ် များနှင့် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ အပါအဝင် စုစုပေါင်း ၁ဝဝဝ ကျော်တို့အား မူကြိုမှစ၍ တက္ကသိုလ်တက် ဘွဲ့ရသည်အထိ အခမဲ့ပြုစု စောင့်ရှောက် ပေးလျက် ရှိသည်။

ထို ပရဟိတ ဂေဟာတွင် အခြေခံပညာ အလယ်တန်း နှင့် တွဲလျက် ဖွင့်လှစ်ပြီး ပညာ သင်ကြားပေးလျက် ရှိကြောင်း၊ နဝမတန်း နှင့် တက္ကသိုလ် ဝင်တန်း ကျောင်းသား၊ ကျောင်းသူ များအား ဘုရားကြီးရွာရှိ အခြေခံပညာ အထက်တန်း ကျောင်း၌ တက်ရောက်ခွင့် ရရှိပြီး တက္ကသိုလ် တက်ရောက်မည့် သူများအား ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်၌ တက်ရောက်ခွင့် ရမည်ဖြစ်သည်။

ယင်း မင်္ဂလာ ပရဟိတ ဂေဟာမှ ယနေ့အချိန် အထိ ဘွဲ့ရရှိသူ ကျောင်းသား၊ ကျောင်းသူ ၃ဝ ဦးကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။

မောင်မျိုး (ဧရာဝတီ)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger