ရမည်းသင်း ၊ ၆-၇-၂၀၁၅
မန္တလေးတိုင်း ဒေသကြီး ရမည်းသင်း မြို့နယ်၊ ဝါးရုံတော အုပ်စု၊ ဝါးရုံတော ရွာတွင် လွန်ခဲ့သော နှစ်ပေါင်းများစွာ ကဟု ခန့်မှန်းရသည့် ကြေးလင်ပန်းကြီး နှင့် ကြေးဖလား များကို လွန်ခဲ့သော ရက်များ အတွင်းက တွေ့ရှိခဲ့ သည်ဟု သိရသည်။
ယင်း ကြေးလင်ပန်း နှင့် ကြေးဖလား တို့ကို ဝါးရုံတောရွာ၏ အနောက်ဘက် သစ်ဝံချောင်း အတွင်းသို့ စီးဝင်သော စက်စက်ယို ရိုးကမ်းပါး ဘေးတွင် တွေ့ရှိရသည်ဟု သိရပြီး ယင်း ဝန်းကျင်သို့ နွားကျောင်း ကြသည့် ကျော်မင်းနိုင် နှင့် ကုလား တို့ နှစ်ဦးမှာ ရိုးကမ်းပါး တစ်လျှောက် ငှက်ပစ် သွားကြရာမှ ယင်းပစ္စည်းများ ထိုးထွက် နေသည်ကို တွေ့ခဲ့သည်။ ယင်း ထိုးထွက်နေသည့် အရာကို ပါလာသော ဓားဖြင့် ထိုးဆွ တူးဖော်ရာ ဦးစွာ ကြေးလင်ပန်းကြီး နှစ်လုံးကို ထပ်လျက် တွေ့ရှိရပြီး ထပ်မံ တူးဖော်ရာ ကြေးဖလားကြီး နှစ်လုံး ကို ထပ်လျက် အနေအထား ထပ်မံ တွေ့ရသည်ဟု သိရသည်။
အဆိုပါ ကြေးလင်ပန်း ကြီး၏ အတိုင်းအတာမှာ အဝန်း တစ်တောင်ရှိပြီး စောက်(အမြင့်) မှာ သုံးလက်မ နီးပါးခန့် ရှိသည်။ ကြေးလင်ပန်းကြီး ၏ အပေါ် နှုတ်ခမ်းသားကို သပ်ရပ်စွာ အဖျားခတ် ထားသည်ကို တွေ့ရပြီး ယင်း ကြေးလင်းပန်း ကြီး၏ အလေးချိန်မှာ ၉၈ ကျပ်သားရှိသည်။ ကျန် ကြေးလင်ပန်း တစ်ချပ်မှာ အတန်ငယ် သေးသည်ဟု သိရသည်။ အတူ တွေ့ရသော ကြေးဖလားကြီးမှာ မျက်နှာပြင် အကျယ် ဆယ်လက်မခန့် နှင့် အမြင့်မှာ ငါးလက်မရှိပြီး အလေးချိန်မှာ လေးဆယ်ကျပ်သား ရှိသည်။ ကျန် တစ်လုံးမှာ ယင်းထက် အတန်ငယ်ပြီး အလေးချိန်လည်း လျော့သည်။
ယခုကဲ့သို့ ထူးခြားစွာ တွေ့ရှိရသော ကြေးလင်ပန်းနှင့် ကြေးဖလား များမှာ မည်သည့်ခေတ် အခါက ဖြစ်မည်ကို ဒေသခံ ပြည်သူများ စိတ်ဝင်စားစွာ သိရှိလို ကြကြောင်း သိရသည်။ (၁၆၉)
#Yadanarpondaily






No comments:
Post a Comment