www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 6, 2015

မအေးထံမှစာ


မအေးထံမှစာ

မဒါလေး

ကျွန်မလက်ထဲတွင် ကိုင်ထားသော စာအိတ်ကို သေချာ စိုက်ကြည့် နေမိသည်။ အထဲပါ အကြောင်းအရာ များကို အကြမ်းဖျင်း ရိပ်စားမိ သော်လည်း ဖွင့်ဖောက်ဖတ် ရန်တော့ အနည်းငယ် တွေဝေ နေမိသည်။ ကျွန်မဆီကို သည်လို စာအိတ်နှင့် စာမျိုး မရောက်တာ ကြာပြီ။ စာတိုက်မှ လာသော စာများလည်း မဖတ်ရတာ ကြာပေပြီ။ တိုးတက် ပြောင်းလဲလာသော ခေတ်နှင့်အညီ လူများလည်း ပြောင်းလဲမှုနောက် အမီ လိုက်နေကြရာ ယနေ့ အများစုသည် အင်တာနက် ပေါ်မှသာ အချင်းချင်း ဆက်သွယ် ပြောဆို ကြတော့သည်။ သို့အတွက် စာတိုက်သို့ တကူးတက သွားရသော ဒုက္ခ၊ စာမရောက်လျှင် သွားမေးရသော ဒုက္ခတို့မှ အနည်းငယ် သက်သာ သွားသော်လည်း စာဖတ်ရသူ မှာတော့ သိပ်ပြီး အရသာ မရှိလှ။

ယခုစာ ကတော့ စာတိုက်မှလည်း မဟုတ် အင်တာနက် ပေါ်မှလည်း မဟုတ် လူကိုယ်တိုင် လာပေးသော စာတစ်စောင် ဖြစ်သည်။ ထိုစာထဲတွင် လူတစ်ဦး၏ ဘဝ၊ သူ၏ ခံစားချက်များကို ဖွင့်ဟ ရေးသား ထားသည်။ ထိုစာထဲမှ စာသား တစ်လုံးချင်း စီသည် ထိုသူ၏ နှလုံး သွေးစက်များလည်း ဖြစ်နိုင်သည်။ မျက်ရည်စီးကြောင်း များလည်း ဖြစ်နိုင်သည်။ ဘဝမှရခဲ့သည့် ဒဏ်ရာများလည်း ဖြစ်နိုင်သည်။ မည်သို့ပင် ဖြစ်စေ သည်စာကို ဖွင့်ဖောက် ဖတ်ရမည်မှာ စာလက်ခံသူ ကျွန်မသာလျှင် ဖြစ်သည်။ သို့အတွက် ကျွန်မ၏ စိတ်နှလုံး ကိုလည်း ကျွန်မ ပြင်ဆင်ထားရန် လိုအပ်သည်။ အချိန်တစ်ခု ယူကာ စိတ်နှလုံး ငြိမ်းချမ်းအောင် ကြိုးစား နေလိုက်သည်။ အနည်းငယ် အေးချမ်းလာမှ ထိုစာအိတ်ကို ဖွင့်ဖောက်ဖတ် လိုက်သည်။ သို့တိုင် ပါးပေါ် စီးကျလာသော မျက်ရည်များက ရင်ထဲကို ပူလောင်စွာ စီးဆင်းသွားသည်။

မအေးသည် နယ်မှဖြစ်ပြီး မန္တလေးတွင် အိမ်ထောင် ကျသည်။ အိမ်ထောင် ကျချိန်တွင် အသက် ၁၇ နှစ်သာ ရှိသေးသဖြင့် အလွန် ငယ်လွန်းသော အချိန်တွင် အိမ်ထောင်ရေး ဒုက္ခနှင့် ရင်ဆိုင် ရသည်မှာ အထူး ပြောဖွယ်မရှိ တော့ပေ။ ယခု အသက် ၃ဝ ကျော်သည့်တိုင် ဘဝတွင် ဘာမျှ ရေရေရာရာ မရှိသေး။ သား၊ သမီး လေးဦးနှင့် အိမ်မှုကိစ္စ လုပ်ကာ ဇနီးမယား တာဝန်ကျေအောင် လုပ်နေရသူ ဖြစ်သည်။ မအေး၏ အိမ်ဦးနတ် ဆိုသူသည် မအေးထက် အသက်ကြီး သော်လည်း တစ်ကိုယ်ကောင်း ဆန်သူ ဖြစ်သဖြင့် မိမိ စိတ်ချမ်းသာရေး အတွက်သာ ဦးစားပေး နေထိုင်တတ်သူ ဖြစ်ကြောင်းလည်း သိရသည်။ ငယ်ငယ် ရွယ်ရွယ်နှင့် အိမ်ထောင်ကျကာ အိမ်ထောင်ရေး ထိန်းသိမ်းသည့် အလုပ်အပြင် ဘာမျှ မလုပ်တတ်သည့် မအေးအဖို့ ဤ အသက်အရွယ် တွင် ဘာလုပ်၍ ဘာကိုင်ရမှန်း မသိ ဖြစ်နေသည်။ အကယ်၍သာ မအေး၏ အိမ်ထောင် ဦးစီးက မအေးအပေါ် ကောင်းခဲ့မည် ဆိုလျှင် ထိုသို့သော ပူဆွေးသောက မျိုးကို မအေး ခံစား နေရမည် မဟုတ်ပေ။ သား၊ သမီးများနှင့် ပျော်စရာ ကောင်းသော အိမ်ရှင်မကောင်း တစ်ဦးအဖြစ် အေးချမ်း နေမည်မှာ အမှန်ပင် ဖြစ်သည်။

ရုပ်ရည် အားဖြင့်လည်း သာမန်ထက် ပိုသော မအေး ကိုမြင်ယောင် မိကာ မအေး၏ အိမ်ဦးနတ် ဆိုသူကို တွေ့ချင် နေမိသည်။ မည်သို့သော အကြောင်းကြောင့် အချစ်စစ်ကို ပစ်ကာ အချစ်သစ်ကို ရှာချင်ကြ ပါလိမ့်။ မအေး ရေးထားသည့် စာအရ အိမ်မှုကိစ္စနှင့် သားသမီး တွေကြား မအားလပ်သည့် ထဲမှ မယားဝတ္တရား ကျေအောင် ပြုကျင့်နေထိုင် ပါလျက် သစ္စာမဲ့သည် ဟု ဆိုရမည်လား။ ဖောက်ပြန်သည် ဟု ပင်ပြော ရမည်လား။ အခြား မိန်းကလေး တစ်ဦးနှင့် နှီးနှော ဆက်နွှယ် ပတ်သက်နေသော မအေး၏ အိမ်ဦးသခင် ကို အံ့သြမဆုံး ဖြစ်မိသည်။ ယခင်က ယောက်ျား လေးများ အိမ်လှေကား သုံးထစ်ဆင်းလျှင် လူပျို ပြန်ဖြစ်သည်ဟု ရယ်စရာ စကား ကြားဖူးသည်မှာ ယခုတော့ အိမ်လှေကား သုံးထစ်ပင် ဆင်းစရာ မလို အိမ်ပေါ် ထိုင်ရင်းပင် အင်တာနက်တွင် လူပျိုပြန်ဖြစ် နေကြသည်မှာ အထူးအဆန်း အံ့သြစရာ ဖြစ်နေတော့သည်။

ထိုအဆင့်နှင့်ပင် ပြီးမသွား သေးဘဲ မအေး၏ အိမ်သားသည် ထို အင်တာနက်မှ မိန်းကလေးနှင့် အပြန်အလှန် ချစ်ကြိုက် နေကြသည်မှာ နှစ်တစ်နှစ်ပင် ကျော်ခဲ့ပြီ။ ထို မိန်းကလေးသည် ပထမ အစတွင် လူပျို အနေဖြင့် ရင်းနှီးခဲ့ကြ ပြီးနောက် ချစ်သူဘဝ ရောက်ခဲ့ကြသည်။ လူပျို အမှတ်ဖြင့် ချစ်ခဲ့ခြင်း ဖြစ်သော်လည်း အိမ်ထောင်ရှိ ကလေးလေးဦး ဖခင်မှန်း သိချိန်တွင်လည်း အဆက်အသွယ် မဖြတ်သည့် အပြင် ဆက်ပြီး လက်ခံခဲ့သည်။ သို့အတွက် လင်နှင့်မယား လျှာနှင့် သွားမက မကြာခဏ စကားများကြ ရပြီး စကားများ တိုင်းလည်း မအေး သာ စိတ်ဆင်းရဲ ခံစားခဲ့ရသည်။ မအေး၏ ချစ်ခင်ပွန်းသည် အရက်လေး တမြမြနှင့် အချိန်တန်လည်း အိမ်မပြန်ဘဲ တွေ့မြဲ တွေ့နေဆဲ ဖြစ်သည်။ အကယ်၍ ထို မိန်းကလေးနှင့် မတွေ့ရန် တားမြစ်ပါက သူ့ကို တစ်သက်လုံး ဆုံးရှုံးမည် ဟုလည်း ပြောသည်။ နယ်မှဖြစ်ပြီး ဆွေမျိုးသားချင်း မရှိသည့် မအေးက ခင်ပွန်းသည် ၏ မိဘများကို တိုင်သော်လည်း မိဘများကပါ လက်လျှော့ ထားသူ ဖြစ်သဖြင့် မိမိဒုက္ခကို မိမိသာ ခါးစည်းခံ နေရခြင်း ဖြစ်သည်။ နယ်သို့ ပြန်မည် ဆိုပြန်လျှင်လည်း အမေအိုကြီး တစ်ဦးသာ ရှိသဖြင့် မအေးကဲ့သို့ အတန်းပညာ နှင့် အသက်မွေး ဝမ်းကျောင်း ပညာ ဘာမျှ မတတ်သည့် မိန်းမသား တစ်ဦးအနေဖြင့် မည်သို့ပင် ကိုယ့်ဒေသ ကိုယ့်နေရာ ဖြစ်စေ သားသမီး လေးဦးနှင့် အစမှပြန်စ ရမည် ဆိုသည်မှာ လွယ်ကူသော ကိစ္စမဟုတ်ပေ။ သို့အတွက် မိန်းမသား ပီပီ သည်းခံခြင်း လက်နက်ကိုသာ ဆုပ်ကိုင်လျက် နှစ်အတော်ကြာ ဝမ်းနည်း အားငယ်စွာ လျှောက်လှမ်း လာခဲ့ရသည်။ စာဖတ်ဝါသနာ အရ စာဖတ်ခြင်း နှင့်သာ စိတ်ကို ရင့်ကျက်အောင် တည်ဆောက်ရင်း မိမိ အမြဲအားပေး ဖတ်ရှုသည့် ဆရာမ တစ်ဦးထံ မဝံ့မရဲဖြင့် သည်စာလေးကို ရေးဖြစ် လိုက်ခြင်း ဖြစ်ကြောင်းလည်း သိလိုက်ရသည်။

မအေး၏ အဓိက ရည်ရွယ်ချက် သည် သူ့လို အဖြစ်မျိုး နောက်ထပ် မည်သည့် အမျိုးသမီးကိုမျှ မဖြစ်စေချင် ခြင်းဖြစ်သည်။ တကယ်ဆိုလျှင် မိန်းမတစ်ဦး အနေဖြင့် ကိုယ့်အိမ်ထောင်ဖက်၏ ဖောက်လွဲ ဖောက်ပြန်သည့်
အကြောင်းကို မည်သူ့ကိုမျှ ပြောပြချင်မည် မဟုတ်ပါ။ တော်ရုံခံစားမှု မျိုးနှင့် မည်သို့မျှ ပြောဖြစ်မည် မဟုတ်ပါ။ ထို့ကြောင့် ပြောင်းလဲခြင်းများ နောက်တွင် ကူညီ ကယ်စရာ အခြေအနေ ရှိ၊ မရှိ ဆိုသည်မှာ ကာယကံရှင် ကိုယ်တိုင် သိနိုင်မည့် အရာမျိုး ဖြစ်သည်။ တစ်ဖက် မိန်းကလေး ကိုလည်း အပြစ်ပြော၍ မရသည့် အခြေအနေတွင် ကိုယ့်ပေါင် ကိုယ်လှန်ထောင်း ရသည့်အဖြစ် မည်သူက ဖြစ်ချင် ပါမည်နည်း။ ဤကဲ့သို့ ရင်ထဲတွင် ကြိတ်ခံစားရင်း ဘဝကို အဆုံးသတ် သွားရသူများ ဘယ်လောက် များများ ရှိခဲ့ပြီနည်း။ လူတစ်ဦး လက်ထဲ ဘဝကို ပုံအပ်ကာ ယုံစားထားပြီး ကာမှ အကြောင်းရှာ ပစ်ထားတိုင်း ကြိတ်ခံစား ရမည်ဆိုလျှင် ထိုအရာသည် မတရားမှု တစ်ခုသာ ဖြစ်သည်။ တစ်ဖက်မှ မိန်းကလေး သည်လည်း ကာမပိုင် မိန်းမနှင့် သားသမီး ရှိသည်ကို သိလျက်နှင့် လက်ခံနိုင်သည် ဆိုသည့် ထို မိန်းကလေး၏ စိတ်ကို အံ့သြမှင်တက် မိသည်။ မည်သို့သော အသိုင်းအဝိုင်းမှ ဖြစ်သဖြင့် ထိုကဲ့သို့သော စိတ်မျိုး ရှိသူဖြစ် သနည်းဟု လည်း စိတ်ဝင်စား မိသည်မှာ အမှန်ပင်။ မိမိအဖြစ်ကို အများမြင်အောင် ဖွင့်ချရဲသော မအေး ၏ သတ္တိကိုလည်း ချီးကျူးမိသည်။ မည်သို့ပင် ဆိုစေကာမူ ကျွန်မ ကိုယ်တိုင်ပင် မအေး စာဖတ်ရင်း မအေး အပေါ် ကရုဏာ သက်မိ သကဲ့သို့ တစ်ဖက် မိန်းကလေးနှင့် မအေး ၏ ခင်ပွန်းအပေါ်၌ လည်း ဒေါသထွက် မိသောကြောင့် မအေးထံသို့ နောက်ရက် မှပင် ပြန်စာ ရေးပါတော့မည်။

#Yadanarpondaily 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger