www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 6, 2015

နှစ်ပေါင်း ၁၇၂ နှစ်ကျော် ရှိသော လေးထပ်ကျောင်းတော်ကြီး တွင် မြန်မာမှု ပန်းပွတ် နှင့် မြန်မာ့ ဗိသုကာပညာရပ် များကို တွေ့မြင်နိုင်



ပွင့်ဖြူ ၊ ၆-၇-၂၀၁၅

မကွေးတိုင်း ဒေသကြီး ပွင့်ဖြူမြို့နယ် ကန္နီ ကျေးရွာရှိ နှစ်ပေါင်း ၁၇၂ နှစ်ကျော် ရှိပြီဖြစ်သော ရှေးဟောင်း လေးထပ် ကျောင်းတော်ကြီး ကို ကျွန်းတိုင်ပေါင်း ၂၉၇ တိုင်ဖြင့် ဆောက်လုပ် ထားပြီး မြန်မာမှု ပန်းပွတ်နှင့် မြန်မာ့ ဗိသုကာ ပညာရပ်များ တွေ့နိုင်ကြောင်း သိရသည်။

အဆိုပါ ရှေးဟောင်း ကျောင်းကြီးကို ဟံသာဝတီမင်း ၏ ခွင့်ပြုချက်ဖြင့် ၁၂ဝ၅ ခုနှစ်တွင် ဆောက်လုပ်ခဲ့ရာ ၁၂ဝ၇ ခုနှစ်တွင် အလှူရှင် ကျောင်းဒါယကာ ဦးမှိုင်း နှင့် အလှူရှင် ကျောင်းဒါယိကာ ဒေါ်ဗျော တို့က လှူဒါန်းကြောင်း၊ ပထမ ကျောင်းထိုင် ဆရာတော်ကြီး မှာ ခင်ကြီးဒွေး (ခေါ်) ဆရာတော် ဘဒ္ဒန္တပဏ္ဍိတ ဖြစ်ကြောင်း ၊ ယခု ကျောင်းထိုင် နေသော ဆရာတော်မှာ ဘဒ္ဒန္တအဂ္ဂသာမိ ဖြစ်ပြီး သတ္တမမြောက် ကျောင်းထိုင် ဆရာတော် ဖြစ်ကြောင်း၊ ကျောင်းကြီး ပေါ်တွင် အခန်းများစွာ ရှိခြင်းကြောင့် ရှေးယခင်က ရဟန်း သံဃာတော် များစွာ သီတင်းသုံး နေထိုင်သော စာသင်တိုက်ကြီး ဖြစ်ကြောင်း၊ ရှေးဟောင်း စာတိုက် ကျွန်းဗီရိုကြီးများ ၊ စာတိုက်ကျွန်း သေတ္တာကြီးများ ရှိနေကြောင်း၊ ရှေးဟောင်း ပေစာ၊ ပုရပိုက်ထုပ်များ ရှိနေခြင်းကြောင့် ထိန်းသိမ်း ရသည်မှာ မလွယ်ကူ ကြောင်း၊ ရှေးဟောင်း အမွေအနှစ် လေ့လာချင် သူများ၊ ထိန်းသိမ်း စောင့်ရှောက် ပေးမည့်သူများ၊ ရှေးဟောင်း သုတေသန ဌာနများက လာရောက် ထိန်းသိမ်း စေလိုကြောင်း ဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိ က မြွက်ကြားသည်။

''ရှေးဟောင်း လေးထပ်ကျောင်း တော်ကြီး က မကွေးတိုင်း ဒေသကြီး ပွင့်ဖြူမြို့နယ် ရှောက်တောမြို့နဲ့ နီးတဲ့ ကန္နီ ကျေးရွာမှာပါ။ မြန်မာမှု ပန်းပွတ် လုံးတိုင်၊ မြန်မာမှု လက်ရာမြောက် ရှေးဟောင်း ကျောင်းတော်ကြီး ဖြစ်ပါတယ်။ မြန်မာပြည်သူ၊ ပြည်သားတွေလဲ လာရောက် ကြည့်ရှု ထိန်းသိမ်း စေလိုပါတယ်။ အခန်းတွေကို သံသော့တံနဲ့ လှည့်လိုက်ရင် မင်းတုပ်ချပ် ကန့်လန့် ထိုးထားတဲ့ ကျွန်းတုံးတွေ ပွင့်သွားလို့ အခန်း တံခါးတွေ ပွင့်လာပုံက မြန်မာ တို့ရဲ့ ရှေးခေတ် အခါက လက်သမား ပညာ အဆင့်မြင့်တယ် ဆိုတာ သိရှိ နိုင်ပါတယ်။ ကျောင်းတော်ကြီး တံခါးတွေ ပိတ်တာ၊ ဖွင့်တာကို မင်းတုပ်တံခါး ကန့်လန့်တိုင် တွေကို လက်နဲ့ မတာ၊ ချတာ မလုပ်ရဘဲ သံသော့တံ လှည့်လိုက် တာနဲ့ ကျောင်းတော်ကြီး မှာရှိတဲ့ တံခါးတွေ အလိုလို ပိတ်နိုင် - ဖွင့်နိုင် ပါတယ်''ဟု ဆရာတော်က ဆက်လက် မြွက်ကြား၍ သိရသည်။

ခင်သန်းဦး (ဖန်ခါးမြေ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger