www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 20, 2015

နိုင်ငံတကာနှင့် ပြည်တွင်းရော်ဘာ ပေါက်ဈေးများ ထုတ်ပြန်ပေးမည့် ရော်ဘာဗဟိုဈေးကွက် တည်ထောင်မည်



ရန်ကုန် ၊ ၂၀-၇-၂၀၁၅

ပြည်တွင်း ပြည်ပ ရော်ဘာ လုပ်ငန်းရှင် များ၊ ရော်ဘာ ကုန်သည် များနှင့် စိုက်ပျိုး ထုတ်လုပ်သူများ တိုက်ရိုက် ရောင်းချ နိုင်သည့် အပြင် နိုင်ငံတကာ ရော်ဘာ ပေါက်ဈေးများ နှင့် ပြည်တွင်း ပေါက်ဈေးများ ထုတ်ပြန်ပေးမည့် ရော်ဘာ ဗဟိုဈေးကွက် (Rubber Central Market) တစ်ခုကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံ ရော်ဘာ စိုက်ပျိုးထုတ်လုပ် တင်ပို့သူများ အသင်းတို့ ပူးပေါင်း တည်ထောင် သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်မှု မြှင့်တင်ရေး နှင့် စားသုံးသူ ရေးရာ ဦးစီးဌာနမှ သိရသည်။ 

အဆိုပါ ဗဟိုဈေးကွက် ကို ရော်ဘာ အဓိက စိုက်ပျိုးရာ ဒေသများ ဖြစ်သည့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီး တို့နှင့် အနီးစပ်ဆုံး နေရာ၌ တည်ထောင် သွားမည်ဖြစ်ပြီး ယခုနှစ် အတွင်း စတင်အကောင်အထည် ဖော်သွားမည် ဖြစ်ကာ ဈေးကွက်ဆိုင်ရာ သတင်း အချက်အလက် များကို ပြည်တွင်း FM ရေဒီယိုလိုင်း များနှင့် တီဗွီများမှ တစ်ဆင့် ထုတ်ပြန် ကြေညာ သွားမည့်အပြင် ဆက်သွယ်ရေး အော်ပရေတာ များနှင့် ချိတ်ဆက်ကာ မိုဘိုင်းလ်ဖုန်း မှတစ်ဆင့် သတင်း အချက်အလက်များ ဖြန့်ဝေ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းဈေးကွက် ဖြစ်ပေါ် လာပါက စိုက်ပျိုး ထုတ်လုပ်သူများ အတွက် လက်ရှိဖြစ်ပေါ် နေသည့် အခြေခံ ပေါက်ဈေး များထက် ပိုမိုကောင်းမွန် လာမည်ဖြစ်ကာ ထုတ်လုပ် သူများ အနေဖြင့် အရည်အသွေး နှင့် စံချိန် စံညွှန်း ပြည့်မီသည့် ရော်ဘာများ ထုတ်လုပ်ရန် လိုအပ်မည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ ရော်ဘာ ထုတ်လုပ်မှုသည် တစ်နှစ်လျှင် တန်ချိန် တစ်သိန်း သုံးသောင်းမှ တစ်သိန်းခွဲ အထိ ထုတ်လုပ် လာနိုင်ပြီး ပြည်ပ တင်ပို့တန်ချိန် ရှစ်သောင်းမှ ကိုးသောင်းခန့် တင်ပို့လျက် ရှိကာ ယမန်နှစ်က ဈေးနှုန်း ကျဆင်းမှုကြောင့် တင်ပို့မှု ကျဆင်းခဲ့ သော်လည်း လက်ရှိတွင် ဈေးကွက် ဦးမော့လာခြင်း ကြောင့် ရော်ဘာ တင်ပို့မှု အားကောင်း လာရန် မျှော်လင့် ထားကြောင်း သိရသည်။

ထုတ်လုပ်မှု အနေဖြင့် တိုးချဲ့ စိုက်ပျိုးထားသည့် ရော်ဘာ စိုက်ခင်းများမှာ အစေးခြစ် နိုင်တော့မည် ဖြစ်သောကြောင့် အထွက်နှုန်းများ ပိုမိုကောင်းမွန် လာမည်ဖြစ်ပြီး ဗဟိုဈေးကွက် ပေါ်ပေါက် လာမည် ဆိုပါက ထုတ်လုပ်သူများ အနေဖြင့် ပိုမို အကျိုးအမြတ် များနိုင်ကြောင်း ရော်ဘာ လုပ်ငန်းရှင် များက ပြောသည်။

အေဒီမိုး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger