www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, July 17, 2015

လူစီးမီးပုံးပျံလုပ်ငန်းမှ ၂၀၁၄ ခုနှစ်က နိုင်ငံတော်ဝင်ငွေ အမေရိကန်ဒေါ်လာ လေးသန်းကျော် ရရှိထားပြီး ယခုနှစ် ပိုမိုရရှိရန် မျှော်မှန်း



ရန်ကုန် ၊ ၁၇-၇-၂၀၁၅

ပုဂံဒေသ အတွင်း နိုင်ငံခြား ခရီးသွား ဧည့်သည်များအား ဝန်ဆောင်မှု ပေးနေသော လူစီးမီးပုံးပျံ လုပ်ငန်းမှ ၂ဝ၁၄ ခုနှစ်အတွင်း နိုင်ငံတော်ဝင်ငွေ အမေရိကန် ဒေါ်လာ ၄ ဒသမ ၂၃ သန်း ရရှိခဲ့ကာ ယခုနှစ်တွင် ပိုမို ရရှိရန် မျှော်မှန်း ထားကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

၂ဝ၁၅ ခုနှစ် အတွင်း မြန်မာနိုင်ငံ သို့ နိုင်ငံခြား ခရီးသွား ဧည့်သည် ဝင်ရောက်မှုသည် သိသာစွာ တိုးတက်လာဖွယ် ရှိနေခြင်းကြောင့် ခရီးသွား အများစု သွားရောက် လည်ပတ်သော ပုဂံဒေသအတွင်း ယင်း ဝန်ဆောင်မှု လုပ်ငန်းကို ၂ဝ၁ဝ ပြည့်နှစ်မှ စတင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပုဂံဒေသ အတွင်း လူစီးမီးပုံးပျံ ဝန်ဆောင်မှု လုပ်ငန်းအား Oriental Ballooning ကုမ္ပဏီမှ လုပ်ကိုင် ဆောင်ရွက်နေပြီး ယခုနှစ် တွင်လည်း ယခင်နှစ်ထက် စောစွာ သြဂုတ်လမှ စတင်ပျံသန်း ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။

ပုဂံဒေသအတွင်း လူစီးမီးပုံးပျံ လုပ်ငန်းမှ နိုင်ငံတော်ဝင်ငွေ ရရှိမှုမှာ ၂ဝ၁ဝ ပြည့်နှစ်က အမေရိကန် ဒေါ်လာ ၁ ဒသမ ၉၇ သန်း၊ ၂ဝ၁၃ ခုနှစ်က အမေရိကန် ဒေါ်လာ ၃ ဒသမ ၁ဝ သန်း၊ ၂ဝ၁၄ ခုနှစ်က အမေရိကန် ဒေါ်လာ ၄ ဒသမ ၃၂ သန်းရရှိ ခဲ့ကြောင်း၊ ပုဂံဒေသ အတွင်း လူစီးမီးပုံးပျံ လိုက်ပါစီးနင်း သည့် ခရီးသွား အရေအတွက် သည် ၂ဝ၁ဝ ပြည့်နှစ်က ၄၈၈၆ ဦး၊ ၂ဝ၁၃ ခုနှစ်က ၁၁၃၆၂ ဦး၊ ၂ဝ၁၄ ခုနှစ်က ၁၇၈ဝ၂ ဦးစီးနင်းခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် လူစီးမီးပုံးပျံ စီးနင်းမှုသည် ၂ဝ၁၃ ခုနှစ်နှင့် ၂ဝ၁၄ ခုနှစ်ကို နှိုင်းယှဉ်ပါက လူဦးရေ ၆ဝဝဝ ကျော် တိုးတက်ခဲ့ကြောင်း Oriental Ballooning ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် လူစီးမီးပုံးပျံ လုပ်ငန်း များကို balloons over bagan myanmar ကုမ္ပဏီနှင့် Golden Express Tour ကုမ္ပဏီ၊ Oriental Ballooning ကုမ္ပဏီ တို့မှ လုပ်ကိုင်လျက် ရှိကြောင်း၊ လိုက်ပါ စီးနင်းသော နိုင်ငံခြား ခရီးသွား ဧည့်သည် များမှာ ဂျာမန်၊ ပြင်သစ်နှင့် အမေရိကန် နိုင်ငံသားများ အများဆုံးဖြစ်ပြီး အာရှနိုင်ငံများမှ ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံသား များမှ အများဆုံး စီးနင်းကြကြောင်း သိရသည်။ ပုဂံဒေသအတွင်း လူစီးမီးပုံးပျံ လိုက်ပါ စီးနင်းခ နှုန်းထားမှာ တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၃၂ဝ သတ်မှတ် ထားကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger