ညအိပ်ရာဝင် ခြေဆေးခြင်း အကျိုး
ကြည်မြင့်လွင် (မုဒြာ)
ညအိပ်ရာ ဝင်ချိန် ခြေထောက် ဆေးခြင်းဖြင့် မျက်စိကြည်ပြီး အတွင်းတိမ် ဖြစ်ခြင်းမှ ကာကွယ် နိုင်သည်ဟု ရှေးလူကြီးများ ပြောကြသည်။ တစ်နေကုန် သွားလာ လှုပ်ရှားရင်း ခန္ဓာကိုယ်တွင်း ရောက်ရှိ လာသော အပူ အခိုးအငွေ့ များသည် ညအိပ်ချိန်တွင် အထက်သို့ တက်ကြသည်။ အိပ်ပျော်နေရင်း ခေါင်းချွေးများ ထွက်ခြင်း၊ သွားရည် ကျခြင်း၊ အစာမစားဘဲ ပါးစပ်မှ ဝါးခြင်း၊ သွားကြိတ်ခြင်း၊ ကယောင်ကတမ်း ပြောခြင်းများသည် လေပူ အထက်သို့ တက်ခြင်းကြောင့် ဖြစ်သည်။
မိတ်ဆွေတစ်ဦး၏ သားငယ်သည် ညအိပ်လျှင် ကယောင်ကတမ်း စကားများ ပြောလေ့ ရှိသဖြင့် ကလေးကို ညအိပ်ရာ မဝင်မီ ဒူးအောက်ပိုင်း ရေလောင်း ခြေဆေးပြီး အိပ်ရာဝင် စေသောအခါ ကယောင်ကတမ်း ပြောခြင်းမှ သက်သာ လာသည်ကို တွေ့ရသည်။ ကလေးများသည် နေပူထဲတွင် တစ်နေကုန် ဆော့ခြင်း၊ ရေခဲရေ၊ ရေခဲမုန့်များ စားသောက်ခြင်း ကြောင့် ကိုယ်တွင်းအပူ အလွန်များသည်။ ထို့ကြောင့် ကလေးများ ဖျားနာလျှင် လူကြီးများထက် ကိုယ်အပူချိန် များသည်ကို တွေ့ရသည်။
ကိုယ်တွင်း အောင်းသော အပူများသည် နေ့တွင် ခြေဖဝါးမှ ထွက်လေ့ရှိသည်။ ခြေသလုံးတွင် ချွေးစိုနေပြီး ခြေဖဝါးမှ ထိုက်သင့် သလောက် ခြေဆီထွက်လျှင် ကျန်းမာသောသူ ဖြစ်သည်။ ခြေသလုံးတွင် ချွေးမထွက်၊ ခြေဖဝါးတွင် ခြေဆီမထွက်၊ ဖဝါး၊ ဖနောင့်များတွင် အက်ကွဲခြင်းများ တွေ့ရလျှင် အောက်ပိုင်း အခိုးမညီသူ ဖြစ်သည်။ အထက်သို့ အပူကန်ခြင်း များသောကြောင့် မျက်စိမှုန်ခြင်း၊ မျက်မှန် ဒီဂရီတိုးခြင်း၊ ဆံပင် ကျွတ်ခြင်း၊ထိပ်ပြောင်ခြင်းများ အသက်ငယ်ငယ် နှင့်ပင် ဖြစ်နိုင်ခြေ ရှိသည်။ ဝမ်းချုပ်၊ ဓာတ်ချုပ်လျှင် ပို၍ပင် ဆိုးနိုင်ပေသည်။
မျက်စိ ဆရာဝန်ကြီးများ ဆေးခန်းတွင် မျက်စိ တိမ်စွဲ၍ ခွဲစိတ်ကုသ ရသူ၊ အတွင်းတိမ်၊ ရေတိမ် စသည် မျက်စိ ဝေဒနာ ဖြစ်ရသူ များ၏ ခြေထောက် များကို ကြည့်သောအခါ ချွေးခြောက်ပြီး ခြေသလုံး အသားပတ်ကာ ခြေဖဝါး၊ခြေဖနောင့် ကွဲအက်သူများ ဖြစ်ကြောင်း တွေ့ရလေ့ ရှိသည်။
ဝမ်းချုပ်ခြင်း ကြောင့်လည်း အောက်ပိုင်း ခြေနှစ်ဖက် ကိုက်ပြီး အထက်သို့ အခိုးပြန်ကာ အကြောတက် တတ်သည်။ ဝမ်းကြော၏ အဆုံးသည် အူမကြီးတွင် ဆုံးသည်။ အူမကြီး အစာဟောင်း အိမ်တွင် ဝမ်းပုပ်နှင့် စမြင်းများ ပိတ်မိသော အခါ ခြေတစ်လျှောက် သွားသော ပေါင်ခြံ အတွင်းမှ သွေးကြောမ ကြီးတွင် လေပိတ်ပြီး အောက်ပိုင်း ခြေသလုံး နှင့် ခြေဖျားသို့ သွေးလျှောက် အားနည်း သွားသည်။ ထိုအခါ ခြေနှစ်ဖက်လုံး ကိုက်ခဲခြင်း၊ ထုံကျဉ်ခြင်း များ ဖြစ်နိုင်သည်။ ထိုသူများသည် ညအိပ်ရာ ဝင်ချိန် မတိုင်မီ ခေါက်တုံ့ ခေါက်ပြန် ခြေလှမ်း တစ်ရာခန့် လမ်းလျှောက် ပေးခြင်း၊ ပြီးလျှင် ဒူးအောက်ပိုင်း ခြေထောက်ကို ရေဆေးခြင်း ပြုလုပ်လျှင် သက်သာ စေနိုင်သည်။ ''ဒူလာ ပါဒရက်-ခြေကတက်'' ဟု ရှေးကလူကြီးများ ပြောသည့် အညောင်းအကိုက် ရောဂါကို ခြေဆေးခြင်း မှန်မှန် ပြုလုပ်လျှင် သက်သာ စေနိုင်သည်။
ညအိပ်ရာ ဝင်ချိန် ခြေထောက် ရေဆေးခြင်းဖြင့် ရောဂါ အမျိုးမျိုးကို သက်သာ စေနိုင်သည်။ နှလုံး လေရိုက်သော ရောဂါများပင် သက်သာသည်ဟု ဆိုသည်။ ခြေဆေးလျှင် လုံချည်၊ ထဘီကို ပေါင်လယ် ထိအောင် မတင်ပြီး ရေအေးဖြင့် ခုနစ်ခွက်ခန့် လောင်းဆေး သင့်သည်။ ခြေဆေးပြီးနောက် ခေတ္တ အပူထွက်အောင် စောင့်ပြီးမှသာ အဝတ်ခြောက်ဖြင့် သုတ်သင့်သည်။ နေ့စဉ် မှန်မှန်ပြုလုပ် မှသာ အကျိုးရှိ မည့်နည်း ဖြစ်သည်။
#Yadanarpondaily

No comments:
Post a Comment