ကိုယ်ကျန်းမာပါမှ စိတ်ချမ်းသာမည်
လူတိုင်း လူတိုင်း လူ့လောကတွင် သက်တမ်းစေ့ နေနိုင်ရေး အတွက် ရောဂါဘယ ကင်းရှင်းရမည် ဖြစ်သကဲ့သို့ ဘဝ ရပ်တည်နိုင်ရေး အတွက် ပညာရေး၊ စီးပွားရေး၊ လူမှုရေး တို့ကို ရုန်းကန် လှုပ်ရှားကြ ရာတွင် ကိုယ်ရော စိတ်ပါ ကျန်းမာနေမှ စိတ်ဆန္ဒ ရှိရာကို လုပ်ကိုင် ဆောင်ရွက် နိုင်မည် ဖြစ်သည်။ စိတ်ဆန္ဒ ရှိရာကို လုပ်ကိုင် နိုင်ပါမှ အောင်မြင်ရေး လမ်းကြောင်းကို လျှောက်လှမ်း နိုင်မည် ဖြစ်သည်။ ထို့ကြောင့် လူတိုင်း ကျန်းမာရေး ကောင်းမွန် စေရန် အမြဲကျင့်ကြံ နေထိုင်ရေးကို အလေးထား ကြရမည် ဖြစ်သည်။
ကိုယ်ရော စိတ်ပါ ကျန်းမာ ကြံ့ခိုင်ရေး အတွက် ခန္ဓာကိုယ် အာဟာရ ပြည့်ဝစွာ စားသုံးရန် လိုအပ်သည်။ အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုသကဲ့သို့ အသက်အရွယ် အလိုက် အာဟာရ ပြည့်ဝစွာ စားသုံးရာတွင် အစားအစာ တစ်မျိုးတည်း ကိုသာ စားသုံးနေ၍ မရဘဲ မျှတစွာ စားသုံးရန် လိုအပ်သည်။ အင်အား ဖြစ်စေသော အစားအစာ၊ ခန္ဓာကိုယ် ကြီးထွား စေသော အစားအစာ၊ ရောဂါ ကာကွယ် စေသော အစားအစာ တို့ကို မျှတစွာ စားသုံး ကြရမည် ဖြစ်သည်။
လူအများစု ဖြစ်ပွားသော ရောဂါများ ထဲတွင် လူသိများသော ရောဂါ တစ်မျိုးမှာ သွေးတိုးရောဂါ ဖြစ်သည်။ သွေးတိုး ရောဂါသည် အချိန်အခါ မရွေး၊ ဆင်းရဲချမ်းသာ လူတန်းစား မရွေး ဖြစ်ပွားနိုင်သော ရောဂါ ဖြစ်သည်။ သွေးတိုးရောဂါ ဖြစ်ပွားခြင်းတွင် အငန်ဓာတ် ပါသော အစားအစာများ၊ အဆီများသော အစားအစာများ စားခြင်းကြောင့် အဓိက ဖြစ်ပွားနိုင်သည်။
ရောဂါများကို ကာကွယ် နိုင်စေသော အစားအစာ များတွင် ကန်စွန်းရွက်၊ ဟင်းနုနယ်ရွက်၊ မြင်းခွာရွက်၊ ပဲသီး၊ ပဲပင်ပေါက်၊ မုန်လာဥနီ၊ ခရမ်းချဉ်သီး စသည့် အသီးအရွက် များသည် ကျန်းမာရေး အတွက် အကျိုးပြုသော အစားအစာများ ဖြစ်သည်။ အဆိုပါ အသီးအရွက် များကို လတ်လတ် ဆတ်ဆတ် အချိန်တွင် စနစ်တကျ စားသုံးပါက ကျန်းမာရေးကို အထောက်အကူ ပြုနိုင်သည်။ ဆန်၊ ဂျုံ၊ ပြောင်း၊ ကန်စွန်းဥ၊ အာလူး၊ ထန်းလျက်၊ နှမ်း၊ ပဲ၊ ပျားရည် စသည် တို့သည် ခန္ဓာကိုယ်ကို အင်အား ဖြစ်စေပြီး သွေးသားသစ် ဖြစ်ထွန်းရေးကို အကျိုးပြုသည်။
လူတိုင်း ကိုယ်ကျန်းမာ ပါမှ စိတ်ချမ်းသာ မှုကို ရရှိနိုင်မည် ဖြစ်ပြီး ကျန်းမာရေး နှင့် ပြည့်စုံစေရန် နေ့စဉ် စားသုံးသော အစားအစာ များကလည်း အထောက် အကူပြု နေသဖြင့် စားသောက်ရေး တွင် သတိပြု ဆင်ခြင် စားသုံး ကြရမည် ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော် တည်ဆောက်ရေး တွင် လိုအပ်နေသော ကာယအား၊ ဉာဏအား များကို ဖြည့်ဆည်းပေး နိုင်ရေးအတွက် ပြည်သူများ အနေဖြင့် ကိုယ်ရော စိတ်ပါ ကျန်းမာ ချမ်းသာ ကြရမည် ဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေး ကောင်းမွန်စေရန် အစားအသောက် နှင့် နေထိုင်ရေးတွင် အရေးကြီး ပါကြောင်း သတိပေး ရေးသား လိုက်ရ ပေသည်။
( အယ်ဒီတာ့အာဘော် )
#Yadanarpondaily

No comments:
Post a Comment