www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 13, 2015

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ဆားဗီးယား ကာကွယ်ရေးဝန်ကြီး က ဂုဏ်ပြုတပ်ဖွဲ့ ဖြင့်ကြိုဆို


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဆားဗီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီး H.E.Mr. Bratislav Gasic တို့ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဆားဗီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီး H.E.Mr. Bratislav Gasic တို့ သီးသန့် တွေ့ဆုံ ဆွေးနွေးစဉ်

မြန်မာ ဒုတိယကာကွယ်ရေး ၀န်ကြီး ဗိုလ်မှူးချုပ် အောင်သော် နှင့် ဆားဗီးယားနိုင်ငံ State Secretary/ ဒုတိယ ကာကွယ်ရေးဝန်ကြီး Mr. Zoran Djordjevic တို့ သဘောတူညီချက် လက်မှတ် ရေးထိုးစဉ်

နေပြည်တော် ၊ ၁၃-၅-၂၀၁၅

ဆာဗီးယား နိုင်ငံသို့ ချစ်ကြည်ရေး ခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ဆာဗီးယားနိုင်ငံ ကာကွယ်ရေး ၀န်ကြီး H.E. Mr Bratislav Gasic က ဂုဏ်ပြု  တပ်ဖွဲ့ဖြင့် ကြိုဆိုသည့် အခမ်းအနားကို မေ ၁၁ ရက် ဒေသ စံတော်ချိန် နံနက် ၈ နာရီ ၄၅ မိနစ်တွင် ကာကွယ်ရေး ၀န်ကြီးဌာန စစ်ရေးပြကွင်း၌ ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားသို့မော်တော်ယာဉ်ဖြင့် ရောက်ရှိလာရာ ဆာဗီးယားနိုင်ငံ ကာကွယ်ရေး ၀န်ကြီး H.E. Mr Bratislav Gasic က ခရီးဦးကြိုဆို နှုတ်ဆက်သည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဆာဗီးယားနိုင်ငံ ကာကွယ်ရေး ၀န်ကြီး H.E. Mr Bratislav Gasic တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်း ကို ခံယူသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဆာဗီးယားနိုင်ငံ ကာကွယ်ရေး ၀န်ကြီး H.E. Mr Bratislav Gasic နှင့်အတူ ၀န်ကြီး၏ ဧည့်ခန်းတွင် သီးသန့်တွေ့ဆုံ ဆွေးနွေးသည်။

သီးသန့်တွေ့ဆုံ ဆွေးနွေးပြီး နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဆာဗီးယားနိုင်ငံ ကာကွယ်ရေး ၀န်ကြီး H.E. Mr Bratislav Gasic နှင့် တာဝန်ရှိ ပုဂ္ဂိုလ် များအား အစည်းအဝေး ခန်းမတွင် တွေ့ဆုံ ဆွေးနွေးသည်။

ထို့သို့ တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ယခုခရီးစဉ် သည် မြန်မာ- ဆားဗီးယား နိုင်ငံ နှစ်နိုင်ငံ နှင့် တပ်မတော် နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်နိုင်ရေး အတွက် လာရောက် ခဲ့ခြင်း ဖြစ် ကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေးသည် နှစ်ပေါင်း (၆၀) ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ရင်းနှီး ချစ်ကြည်သော ဆက်ဆံရေး ရှိခဲ့ကြောင်း၊ နှစ်နိုင်ငံ သမိုင်းနောက် ခံချင်း တူညီမှုရှိပြီး ဘက်မလိုက် သော ကြားနေ နိုင်ငံများ အဖြစ် သမိုင်း နောက်ခံ ရှိခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ မြန်မာနိုင်ငံသည် တပ်မတော် အစိုးရ မှ နိုင်ငံတော် တာဝန်ကို ရယူထားသည့် ကာလဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် ပါတီစုံ ဒီမိုကရေစီ စနစ်အရ အရပ်သား အစိုးရသို့ အာဏာ လွှဲပြောင်း ပေးခဲ့ပြီးနောက် လက်ရှိ မျိုးဆက်သစ် ခေါင်းဆောင်များမှ နှစ်နိုင်ငံ နှင့် တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေးကို အကောင်းဆုံး တည်ဆောက် သွားကြမည် ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံသည် ပြည်နယ်နှင့် တိုင်းများမှ တိုင်းရင်းသား များ ဖြင့်စုစည်းထား သည့် ပြည်ထောင်စုနိုင်ငံ ဖြစ်ပြီး ၊ ပထ၀ီ အနေအထားအရ အင်အားကြီး နိုင်ငံများနှင့် နယ်နမိတ်ချင်း ထိစပ်နေသော မဟာဗျူဟာ အရ အချက်အချာ ကျသည့် နိုင်ငံဖြစ် သဖြင့် လည်းကောင်း၊ အင်္ဂလိပ်တို့၏ ကိုလိုနီ ဖြစ်ခဲ့သဖြင့် လည်းကောင်း၊ ပြည်ထောင်စု စည်းလုံး ညီညွတ်ရေးကို အစွမ်းကုန် တည်ဆောက် နေကြောင်း၊ ဆားဗီးယား နိုင်ငံ၏ အချုပ်အခြာ အာဏာ တည်တံ့ရေး အတွက် ဆောင်ရွက်မှု များကို ထောက်ခံ ပါကြောင်း နှင့် ကာကွယ်ရေး ပိုင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စများအား ဆွေးနွေးသည်။

ကာကွယ်ရေး ၀န်ကြီးက နှစ်နိုင်ငံ ဆက်ဆံရေးသည် ယခင် ကတည်းက ရှိပြီး ဖြစ်သဖြင့် အကောင်းဆုံး တိုးမြှင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ဆားဗီးယားသည် ၁၉၉၀ ပြည့်နှစ် မှစပြီး စစ်ပွဲများကြောင့် ထိခိုက် နစ်နာမှုများ ရှိခဲ့ရ ကြောင်း၊ လက်ရှိ နိုင်ငံ နှင့် တပ်မတော်ကို အကောင်းဆုံး ပြန်လည် တည်ဆောက် နေသည့်ကာလ ဖြစ်ကြောင်း၊ အနာဂတ် ကာလအတွက် မိမိတို့ တပ်မတော် နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်မှုကို အကောင်းဆုံး ဆောင်ရွက် နိုင်မည်ဟု ယုံကြည် ပါကြောင်း နှင့် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား အကောင်အထည် ဖော်ဆောင်ရွက် နိုင်မည့် ကိစ္စရပ်များကို ပြန်လည် ဆွေးနွေး ပြောကြားသည်။

တွေ့ဆုံပွဲအပြီး တွင် မြန်မာ့တပ်မတော် နှင့် ဆားဗီးယား တပ်မတော် နှစ်ရပ်အကြား ကာကွယ်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု သဘော တူညီချက် ကို မြန်မာ ဒုတိယ ကာကွယ်ရေး ၀န်ကြီး ဗိုလ်မှူးချုပ် အောင်သော် မှ လည်းကောင်း၊ ဆာဗီးယား နိုင်ငံဘက်မှ State Secretary/ ဒုတိယ ကာကွယ်ရေး ၀န်ကြီး Mr. Zoran Djordijevic တို့မှ လည်းကောင်း အသီးသီး လက်မှတ် ရေးထိုး၍ သဘော တူညီချက်များ ကို အပြန်အလှန် ပေးအပ် ကြသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဆားဗီးယား နိုင်ငံ ကာကွယ်ရေး ၀န်ကြီး H.E. Mr Bratislav Gasic တို့သည် အထိမ်းအမှတ် တံဆိပ်များ အပြန်အလှန် ပေးအပ် ကြသည်။

တွေ့ဆုံပွဲ နှင့် လက်မှတ် ရေးထိုးပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်အတူ မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်ကြပြီး၊ ဆားဗီးယားနိုင်ငံ ကာကွယ်ရေးဝ န်ကြီး နှင့် အတူ State Secretary/ ဒုတိယ ကာကွယ်ရေး ၀န်ကြီး Mr. Zoran Djordjevic ၊ Deputy Chief of General Staff - Lt.Gen. Jovica Draganic ၊ Military Security Agency မှ Brig.Gen. Petar Cvetkovic ၊ Air Force and Air Defence Command မှ Brig.Gen. Dusko Zarkovic ၊ Strategic Planning Department မှ Brig.Gen. Slobodan Jokskimovic ၊ River Flotilla Navy မှ Capt. Andrija Andric နှင့် ဆာဗီးယား ကာကွယ်ရေး ၀န်ကြီးဌာန မှ အခြားသော တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger