မန္တလေး ၊ ၁၅-၅-၂၀၁၅
သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက် ပျက်စီးယိုယွင်း စေသော အကြောင်းများတွင် အက်စစ် ဖြစ်ထွန်းမှု သည်လည်း ထိခိုက်စေသော အကြောင်း တစ်ရပ် ဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ပညာရှင်များ၏ လေ့လာ ချက်များအရ သိရသည်။
အက်စစ် ဖြစ်ထွန်းခြင်းသည် လေထု ညစ်ညမ်းခြင်းမှ စတင်ခြင်း ဖြစ်ကြောင်း၊ လေထု အတွင်းတွင် စက်ရုံများ၊ အလုပ်ရုံများ နှင့် သယ်ယူ ပို့ဆောင်ရေး ယာဉ်များမှ ထွက်ရှိသော မီးခိုးများ သည် လေထုအတွင်း ရှိ ရေငွေ့ ပြည့်ဝသော တိမ်များနှင့် ပေါင်းစပ်၍ အက်စစ် အဖြစ် ပြောင်းလဲကြောင်း သိရသည်။
အက်စစ် ဖြစ်ထွန်းမှု ထိန်းချုပ်ရေး နည်းလမ်းများကို ပြည်သူများ အနေဖြင့် ပိုမိုနားလည် သဘောပေါက်ပြီး လိုက်နာ ဆောင်ရွက် နိုင်စေရန် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှု ဦးစီးဌာန၊ ဇလဗေဒ ဌာနခွဲ (ရန်ကုန်)၊ ဓာတ်ခွဲခန်း အနေဖြင့် အက်စစ် ဖြစ်ထွန်းမှု စောင့်ကြည့်ခြင်း လုပ်ငန်းများကို အဆက်မပြတ် ဆန်းစစ် လေ့လာလျက် ရှိကြောင်း အဆိုပါ ဌာနမှ သိရသည်။
မိုးရေ၏ pH တန်ဖိုးသည် အက်စစ်နှင့် ဗေ့စ် ဂုဏ်သတ္တိ တို့၏ မျှခြေပေါ်တွင် မှီတည် နေသည်။ pH တန်ဖိုးများ၍ ဗေ့စ် သတ္တိရှိသော မိုးရေများ ကမ္ဘာမြေပေါ် ရွာချခြင်း ဖြင့်လည်း ပတ်ဝန်းကျင်ကို ထိခိုက်နိုင်သော ပြဿနာများ ရှိကောင်း ရှိလာနိုင်ကြောင်း၊ ၄င်းပြင် pH တန်ဖိုး နည်းသော Sulfuric နှင့် Nitric ကဲ့သို့ (Acid Rain) များရွာ ချခြင်းသည် ကမ္ဘာမြေကို ပိုမိုထိခိုက် ပျက်စီး စေနိုင်ကြောင်း မိုးလေဝသ ပညာရှင် များ၏ လေ့လာမှု အရ သိရသည်။
မိုးလေဝသ ပညာရှင် များ၏ လေ့လာချက်များ အရ ပုံမှန်မိုးရေ (Normal Rain) များတွင် ကာဗွန်ဒိုင် အောက်ဆိုဒ် ပျော်ဝင်လျက် ရှိကြောင်း၊ ထိုသို့ ပျော်ဝင်ခြင်း ကြောင့် အက်စစ်ဓာတ် အနည်းငယ် ဖြစ်ပေါ်လျက် ရှိကြောင်း၊ Normal Rain တွင် ပါဝင်သော Acid ဂုဏ်သတ္တိ၏ pH တန်ဖိုးသည် ၅ ဒသမ သုည မှ ၅ ဒသမ ၆ ထိ ဖြစ်ကြောင်း သိရသည်။
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ရန်ကုန် ဓာတ်ခွဲခန်းကို ၁၉၉၈ ခုနှစ်တွင် စတင် ဖွဲ့စည်းပြီး ၂ဝဝ၁ ခုနှစ်၌ မိုးရေ၏ အက်စစ် ပါဝင်မှုကို သိရှိရန် တိုင်းတာခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ၂ဝဝ၄ ခုနှစ်တွင် အထက် မြန်မာပြည် ဌာနခွဲ မန္တလေးမြို့တွင် မိုးရေ တိုင်းတာခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း၊ ယခုအခါ မိုးလေဝသ စခန်းပေါင်း ၂၅ ခုမှ မိုးရေ နမူနာ များကို ရယူ၍ တိုင်းတာခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
#Yadanarpondaily






No comments:
Post a Comment