www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 11, 2015

ငါးရှဉ့်ဈေးကွက်၏ ခြေလှမ်းသစ်များ



ရွှေဒုံသား

မြန်မာနိုင်ငံမှ ငါးရှဥ့်များကို မူဆယ်၊ မြဝတီ၊ ကော့သောင်း၊ ချင်းရွှေဟော် စသည့် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း များမှတစ်ဆင့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံ တို့သို့ အဓိက တင်ပို့ ရောင်းချခဲ့ရာမှ ယခုအခါ တောင်ကိုရီးယား နိုင်ငံသို့ တင်ပို့ရောင်းချ နိုင်ရေးအတွက် လုပ်ကိုင် ဆောင်ရွက် နေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်နှင့် ငါးရှဥ့် ပြည်ပတင်ပို့ ရောင်းချသူများ ထံမှ သိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံ သို့ ငါးရှဥ့်များကို တင်ပို့ ရောင်းချရာတွင် သဘာဝမှ ဖမ်းဆီးရမိ လာသည့် ငါးရှဥ့်များ ကိုသာ တင်ပို့ရောင်းချ နေခြင်း ဖြစ်သည်။ တရုတ်နိုင်ငံ ဈေးကွက်တွင် တရုတ် နှစ်သစ်ကူး ကာလများ၊ ထိုင်းနိုင်ငံ ဈေးကွက်တွင် ထိုင်းရိုးရာ ပွဲတော် အချိန်ကာလ များတွင်သာ ဈေးကောင်း ရရှိလေ့ ရှိသည်။ ထို့အပြင် ငါးရှဥ့်များကို သဘာဝ မှ ဖမ်းယူရသဖြင့် ဈေးကွက်၏ လိုအပ်သည့် အချိန်တွင် လုပ်ကိုင် ဆောင်ရွက်နိုင်မှု မရှိသည့် အခြေအနေများ၊ အခက်အခဲ များနှင့်လည်း ကြုံတွေ့ နေရလေ့ ရှိသည်။

ထို့ကြောင့် ငါးရှဥ့်ဈေးကွက် အနေဖြင့် ဈေးကွက်၊ ဈေးနှုန်း အခြေအနေ များကို ထိန်းသိမ်းနိုင်ရေး အတွက် အသားတိုး ငါးရှဥ့်များကို မွေးမြူကာ တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံတို့ အပြင် တောင်ကိုရီးယား နိုင်ငံ ဈေးကွက်များသို့ တင်ပို့ ရောင်းချနိုင်ရန် စီစဉ် ဆောင်ရွက် လာနေခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ပြည်တွင်း၌ ငါးရှဥ့် မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက် နေသော်လည်း သဘာဝမှ ဖမ်းယူ ရရှိသည့် ငါးရှဥ့်များကို ဝယ်ယူ၍ မွေးမြူနေခြင်း ဖြစ်သည်။ ထိုသို့ သဘာဝမှ ဖမ်းယူ နေရသဖြင့် လိုချင်သည့် အရွယ်အစား ကိုမရနိုင်ဘဲ သဘာဝမှ ဖမ်းဆီးရမိ ခဲ့သည့် အရွယ်အစား မတူသော ငါးရှဥ့်များကို ဝယ်ယူ မွေးမြူရ သဖြင့် မွေးမြူထားသည့် ငါးရှဥ့်များကို ဈေးကွက်သို့ တင်ပို့ ရောင်းချ ရာတွင်လည်း အရွယ်အစား တူညီမှု မရှိပေ။ ထိုသို့ မွေးမြူထားသည့် ငါးရှဥ့်များကို ဈေးကွက်သို့ တင်ပို့ ရောင်းချရန် မွေးသောကန် အတွင်းမှ ဖမ်းယူပြီး နှစ်ရက်၊ သုံးရက်အတွင်း မူဆယ် ဈေးကွက်သို့ တင်ပို့ရသဖြင့် အသေ အပျောက် များပြားသည့် အပြင် အရှုံးပေါ်ကာ အရွယ်အစား မတူညီသည့် အတွက် ဈေးရရှိ မှုလည်း နည်းပါးနေသည်။ ယခုကဲ့သို့ အသားတိုး ငါးရှဥ့်များကို မွေးမြူထုတ်လုပ် ခြင်းအားဖြင့် အရွယ်တူ ငါးရှဥ့်များကို လိုအပ်သည့် အချိန်တွင် လိုအပ်သလို ရရှိလာမည် ဖြစ်သည်။

ငါးရှဥ့်များ မွေးမြူ ထုတ်လုပ် နေသဖြင့် လိုအပ်ချက် များကိုလည်း ထိန်းချုပ် လုပ်ကိုင်နိုင်မည် ဖြစ်ပြီး လိုသလို မွေးမြူထုတ်လုပ် နိုင်သဖြင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ ဈေးကွက် များအပြင် တောင်ကိုရီးယား နိုင်ငံ ဈေးကွက်သို့တင်ပို့ ရောင်းချနိုင်မည် ဖြစ်သည်။ တောင်ကိုရီးယား နိုင်ငံ ဈေးကွက်သည် တရုတ်နိုင်ငံ ကဲ့သို့ပင် ကြီးမား ကျယ်ပြန့်သော ငါးရှဥ့် ဈေးကွက်ကြီး တစ်ခု ဖြစ်သည်။

လက်ရှိတွင် တောင်ကိုရီးယား နိုင်ငံမှ ငါးရှဥ့်များကို အော်ဒါ မှာယူမှုများ ရှိနေသော်လည်း သဘာဝမှ ဖမ်းဆီးရရှိမှု နည်းပါး နေသဖြင့် တင်ပို့နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ပြည်တွင်းငါးရှဥ့် မွေးမြူရေး ကုမ္ပဏီတစ်ခုမှ အသားတိုး ငါးရှဥ့်များကို တရုတ် နည်းပညာနှင့် စတင်၍ မွေးမြူလုပ်ကိုင် ဆောင်ရွက် နေပြီဖြစ်သည်။ အဆိုပါ ကုမ္ပဏီမှ အသားတိုး ငါးရှဥ့်ကန် ၇ဝ ကို မွေးမြူထားပြီး ကန်တစ်ကန်လျှင် အကောင်ပေါက် ခုနစ်ပိဿာ ထည့်သွင်း မွေးမြူခြင်း ဖြစ်သည်။ လွန်ခဲ့သည့် နှစ်လခွဲခန့်က စတင်မွေးမြူ ခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါ ဈေးကွက်ဝင် အရွယ်အစားသို့ ရောက်ရှိပြီ ဖြစ်သဖြင့် မကြာမီ ကန်ဖော်၍ ရောင်းချ နိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အသားတိုး ငါးရှဥ့် မွေးမြူရေး လုပ်ငန်းကို ငါးရှဥ့်ဈေးကွက် မှလည်း စိတ်ဝင်စား နေကြကာ အောင်မြင် ဖြစ်ထွန်းမှု အခြေအနေများကို လေ့လာ စောင့်ကြည့် နေကြကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger