မန္တလေး ၊ ၂၀-၅-၂၀၁၅
၁၉၇ဝ ပြည့်နှစ်မှ စတင်၍ မုတ်သုံ အဝင်ရက်များ နောက်ကျလာပြီး မုတ်သုံ ပြန်ထွက်သည့် အချိန် စောခြင်းသည် တဖြည်းဖြည်း ရှေ့သို့ တိုးလာကြောင်း၊ မုတ်သုံကာလ တိုတောင်း သွားခြင်းအပေါ် ထပ်မံ လေ့လာချက်များ အရ မိုးရွာသွန်းခြင်း ဖြစ်စဉ်များ လျော့ကျသွားပြီး မိုးပြင်းထန်သည့် အကြိမ်ရေ ပိုများ လာသည်ကို တွေ့ရသည်။ မိုးရွာသွန်းသည့် အချိန်ကာလ ပိုမို တိုတောင်း သွားသကဲ့သို့ အပူပိုင်းဇုန် တွင် ရုတ်တရက် အပြင်းအထန် မိုးရွာသွန်းခြင်း တို့ကြောင့် ရေကြီး ရေလျှံမှုနှင့် လယ်ယာမြေများ တိုက်စားမှု အန္တရာယ် ပိုများလာကြောင်း၊ အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေး UNDP စီမံကိန်းမှ မှတ်တမ်းများ အရ သိရသည်။
မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ၁၉၈၈ ခုနှစ်မှ ၂ဝဝဝ ပြည့်နှစ်အတွင်း အနောက်တောင် မုတ်သုံလေ ဝင်ရောက်သည့် ကာလသည် ၁၉၅၁ ခုနှစ်မှ ၂ဝဝဝ ပြည့်နှစ် ကာလများ နှင့် နှိုင်းယှဉ်ပါက ရက်သတ္တပတ် သုံးပတ်မျှ အအေးပိုင်း များတွင် ရက်သတ္တပတ် တစ်ပတ်မျှ ပို၍ တိုတောင်း သွားကြောင်း မိုးလေဝသ ပညာရှင်များ၏ လေ့လာမှု အရ သိရသည်။
''မိုးလေဝသ ပညာရှင် တစ်ဦး ရဲ့ လေ့လာမှုအရ ၁၉၇ဝ ပြည့်နှစ် နောက်ပိုင်းက စပြီး နှစ်စဉ်အပူချိန် မြင့်တက် လာမှုဟာ သုည ဒသမ ၂ ဒီဂရီထိ ရောက်ရှိခဲ့ ပါတယ်။ ဘင်္ဂလား ပင်လယ်အော် မှာ ဖြစ်ပေါ်တဲ့ မုတ်သုံလေ ပြင်းအားကို လိုက်ပြီး မြန်မာနိုင်ငံရဲ့အနောက်တောင် မုတ်သုံလေက ရရှိတဲ့ မိုးရွားသွန်းမှု ပုံစံကလဲ ပြောင်းလဲနေတာ တွေ့ရပါတယ် '' ဟု UNDP မှ တာဝန်ရှိသူ တစ်ဦးက သုံးသပ် ပြောကြားသည်။
လက်ရှိ အချိန်တွင် အစားအစာ ဖူလုံရေး လုပ်ငန်းအဖွဲ့မှ မိုးလေဝသ ပညာရှင် ဒေါ်ဥမ္မာခိုင် (၂ဝ၁ဝ) ၏ လေ့လာ တွေ့ရှိချက် အရ အပူပိုင်းဇုန် ဒေသ၏ နှစ်စဉ် မိုးရေချိန်သည် ၇ဝဝ မီလီမီတာ ထက် မပိုကြောင်း၊ ၂ဝဝ၉ ခုနှစ် မုတ်သုံမိုးသည် လွန်ခဲ့သည့် ငါးနှစ် ကာလများ၏ ၄၅ ရာခိုင်နှုန်းမှ ၆၅ ရာခိုင်နှုန်းသာ ရှိခဲ့သဖြင့် စံချိန်တင် လောက်အောင် နည်းပါး ခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ မုတ်သုံအကြို ကာလတွင် မိုးရွာသွန်းပြီး ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ် နိုင်ကြောင်း၊ မုတ်သုံဝင်သည့် ကာလမှာ မြန်မာနိုင်ငံ တောင်ပိုင်းတွင် မေ ၁၅ ရက်မှ ၂ဝ ရက်အတွင်း၊ အလယ်ပိုင်းတွင် မေလကုန်ပိုင်း၊ မြန်မာနိုင်ငံ မြောက်ပိုင်းတွင် မေလကုန် ဇွန်လဆန်းပိုင်း တွင် စတင် ဝင်ရောက်မည် ဖြစ်ကြောင်း၊ မုတ်သုံအကြို ကာလတွင် ရုတ်တရက် မိုးပြင်းထန်စွာ ရွာသွန်းမည် ဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ပညာရှင်များ၏ ခန့်မှန်းချက်များ အရ သိရသည်။ (၁၈၀)
#Yadanarpondaily





No comments:
Post a Comment