www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 28, 2015

သေမင်းတမန် မီးရထားပြတိုက် အတွက် ဂျပန်ခေတ် ရှေးဟောင်းပစ္စည်း အလှူရှင်များအား ဖိတ်ခေါ်မည်



သံဖြူဇရပ် ၊ ၂၈-၅-၂၀၁၅

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ၌ တည်ဆောက် နေသော သေမင်းတမန် မီးရထား ပြတိုက်အတွက် ဂျပန်ခေတ် ရှေးဟောင်းပစ္စည်း အလှူရှင် များအား ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း တလမွန် ကုမ္ပဏီမှ သိရသည်။

အဆိုပါ ဂျပန်ခေတ် ရှေးဟောင်း ပစ္စည်းများကို ပြတိုက်အတွင်း ထည့်သွင်း ပြသနိုင်ရန် ထိုင်းနိုင်ငံ ကန်ချနပူရီရှိ သေမင်းတမန် ပြတိုက် ခင်းကျင်း ထားပုံကို လေ့လာပြီး အလှူရှင်များအား ဖိတ်ခေါ် သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံ၌ သေမင်းတမန် ပြတိုက်ကို ယခုနှစ် မတ် ၂ဝ ရက်က ပန္နက်တင် ဆောက်လုပ်ခဲ့ရာ ယခုအခါ ၂ဝ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ပြီး စက်တင်ဘာလ အတွင်း စတင် ဖွင့်လှစ်နိုင်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

ယင်း သေမင်းတမန် မီးရထား ပြတိုက် ဖွင့်လှစ်ပါက ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ ပိုမို စိတ်ဝင်စားမှု ရှိနိုင်သဖြင့် မွန်ပြည်နယ်၌ ခရီးသွား လုပ်ငန်းကဏ္ဍ တစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက် လာမည် ဖြစ်သည်။

ထို့အပြင် သမိုင်းဝင် ဂျပန်ခေတ် လက်ရာများကို အကောင်းဆုံး ပုံစံ ခင်းကျင်းပြသ သွားမည်ဖြစ်ပြီး အပန်းဖြေ သွားလာနိုင်ရန် အစီအစဉ် များလည်း ပါဝင်ကြောင်း၊ ယင်း သေမင်းတမန် မီးရထားဝင်းကို ယခင်က သွားရောက် လေ့လာလိုသော နိုင်ငံခြား ခရီးသွား ဧည့်သည် အများအပြား ရှိခဲ့သော် လည်း ယခုမှသာ ဖွင့်လှစ်နိုင်ရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် သေမင်းတမန် မီးရထား ပြတိုက်ကို ပထမဆုံး အနေဖြင့် ဖွင့်လှစ် ပြသခြင်း ဖြစ်ကြောင်း သိရသည်။

သေမင်းတမန် မီးရထားလမ်း ကို ၁၉၄၂ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ဂျပန် တပ်မတော်မှ ဖောက်လုပ်ခဲ့ပြီး ၁၉၄၃ ခုနှစ် အောက်တိုဘာ ၂၅ ရက်တွင် ရထားလမ်း ဖောက်လုပ် ပြီးစီးသည့် အထိမ်းအမှတ်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယင်း ရထားလမ်းမှာ ယခင်က ယိုးဒယား - မြန်မာ မီးရထား လမ်းမကြီး၌ လူပေါင်းများစွာ အသက်စတေး ခဲ့ရသည့် အတွက် သေမင်းတမန် ရထားလမ်း အဖြစ် ထင်ရှားခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့အပြင် ရထားလမ်း ဖောက်လုပ်စဉ် က မြန်မာ တိုင်းရင်းသား များနှင့် မဟာမိတ် တပ်သား အများအပြား အသက်ဆုံးရှုံး ခဲ့ကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger