www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 27, 2015

ဦးပိန်တံတား ရှေးမူမပျက် ပြင်ဆင်နိုင်ရန် ပညာရှင်များနှင့် ပြည်သူများ၏ ဆန္ဒသဘောထား တောင်းခံသွားမည်



မန္တလေး ၊ ၂၇-၄-၂၀၁၅

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ဦးပိန်တံတားအား ပြန်လည် ပြင်ဆင်မှုများ ပြုလုပ်ရာတွင် ရှေးမူလက်ရာ မပျက် ပြန်လည်ပြင်ဆင် နိုင်ရန် ပညာရှင်များ အပါအဝင် ဒေသခံ ပြည်သူများ၏ သဘောထားအား ရယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

အဆိုပါ တံတားသက်တမ်းမှာ နှစ်ပေါင်း ၁၆ဝ ကျော် ရှိနေသဖြင့် အပျက်အစီး များမှာ ယခင်ကထက် ပိုမိုဖြစ်ပေါ်လျက် ရှိပြီး အဆိုပါ တံတားအား ထိန်းသိမ်း လုပ်ဆောင်ရန်မှာ အရေးတကြီး လိုအပ်လျက် ရှိရာ ထိုကဲ့သို့ ထိန်းသိမ်း ပြုပြင်မှုများ လုပ်ဆောင်ရာတွင် ရှေးမူမပျက် လုပ်ဆောင်ရန် အရေးကြီး ကြောင်း ဒေသခံများက ပြောသည်။

ဦးပိန်တံတားအား ပြန်လည် ပြင်ဆင်မှုများ ပြုလုပ်ရာတွင် ပညာရှင်များနှင့် ဒေသခံများ အပါအဝင် ပြည်သူများနှင့် တိုင်ပင်၍ အစီအစဉ် တကျ လုပ်ကိုင် ဆောင်ရွက် သွားမည်ဖြစ်သည်။ ထိုကဲ့သို့ လုပ်ကိုင် ဆောင်ရွက်ရာတွင် ပြည်သူများ သိရှိစေရန် ထုတ်ပြန်ချက်များ ချမှတ်ကာ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

ဦးပိန်တံတားအား ရှေးမူမပျက် ပြန်လည်ပြင်ဆင်မည် ဆိုပါက ငွေကျပ် သိန်းနှစ်ထောင်ကျော် ကုန်ကျမည် ဖြစ်ပြီး ယင်းပမာဏကို ပြည်ထောင်စု အစိုးရမှ ခွင့်ပြုထားပြီ ဖြစ်သောကြောင့် တောင်သမန် ချစ်သူများအသင်း၊ ဦးပိန်တံတားကို ချစ်မြတ်နိုးသူများ၊ ရှေးဟောင်း ပညာရပ်ဆိုင်ရာ တတ်သိ ပညာရှင်များ၊ တာဝန်ရှိသူများ၊ ပြည်ပမှ ပညာရှင်များ၊ ထေရ်ကြီးဝါကြီး ဆရာတော်များ စသည့် ဦးပိန်တံတား နှင့် တောင်သမန်အင်း အကြောင်း စိတ်ဝင်စား သူများကို ဖိတ်ခေါ်၍ အစည်းအဝေး ကျင်းပကာ သဘောထား ဆန္ဒ တောင်းခံ သွားမည် ဖြစ်ကြောင်း သိရသည်။ (၄၄၈)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger