www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, April 21, 2015

ကျောင်းပြင်ပ ရောက်ရှိနေသော ကျောင်းသား ကျောင်းသူများ နဝမတန်း (ပြင်ပဖြေ) စာမေးပွဲကို မေ ၄ ရက်မှ ၁၁ ရက်အထိ ဖြေဆိုရမည်


ရန်ကုန် ၊ ၂၁-၄-၂ဝ၁၅

အခြေခံပညာ ကျောင်းများတွင် အဋ္ဌမတန်း အောင်မြင်သည် အထိ ပညာသင်ယူခဲ့ ပြီးနောက် အကြောင်း အမျိုးမျိုးကြောင့် ကျောင်းပြင်ပ ရောက်ရှိနေသော ကျောင်းသားများ ဝင်ရောက်ဖြေဆို နိုင်မည့် နဝမတန်း (ပြင်ပဖြေ) စာမေးပွဲကို မေ ၄ ရက်မှ ၁၁ ရက် အထိ ဖြေဆိုရမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာချက် အရ သိရသည်။ 

နဝမတန်း (ပြင်ပဖြေ) စာမေးပွဲ ဝင်ရောက် ဖြေဆိုမည့် ကျောင်းသားများ အနေဖြင့် အဋ္ဌမတန်း အောင်လက်မှတ်ကို တင်ပြ၍ ဝင်ရောက်ဖြေဆို နိုင်မည်ဖြစ်ပြီး ဇွန်လ ကျောင်းဖွင့်ချိန် အမီ အောင်စာရင်း ထုတ်ပြန်မည် ဖြစ်သည်။ ယခု စာမေးပွဲတွင် အောင်မြင်ခဲ့လျှင် ဇွန်လ ကျောင်းဖွင့်ချိန် တွင် တက္ကသိုလ် ဝင်တန်းသို့ ပြန်လည် တက်ရောက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စာမေးပွဲ မေးခွန်းများမှာ သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူး က ဖွဲ့စည်း ပေးထားသည့် ဘာသာရပ်ပြ ဆရာများက မေးခွန်းပြုစု ရပြီး မြို့နယ် ပညာရေးမှူး ပါဝင်သောအဖွဲ့က ကြီးကြပ် စစ်ဆေး၍ အအောင် - အရှုံး သတ်မှတ်ပေးကြောင်း အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုနှစ် ပညာသင်နှစ်မှ စတင်၍ နဝမတန်း အောင်မြင်ထားပြီး တက္ကသိုလ်ဝင် စာမေးပွဲ ပထမအကြိမ် ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများကို ပြင်ပဖြေ အဖြစ် လာမည့် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဝင်ရောက် ဖြေဆိုခွင့် ပြုလိုက်ကြောင်း မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနမှ သိရသည်။

အခြေခံပညာ ကျောင်းများ၏၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ် သူငယ်တန်းမှ နဝမတန်းအထိ အတန်းတင် စာမေးပွဲ အောင်စာရင်း များကို ဧပြီ ၁၈ ရက်က ထုတ်ပြန် ကြေညာခဲ့ပြီး စတုတ္ထတန်း နှင့် အဋ္ဌမတန်း အတန်းတင် စာမေးပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် စတုတ္ထတန်း ကျောင်းသား ရှစ်သိန်း ခြောက်သောင်း ကျော် ဝင်ရောက်ဖြေဆို ခဲ့ကာ အောင်မြင်သူ ခြောက်သိန်း ငါးသောင်းကျော် ရှိပြီး အောင်ချက် ၇၅ ဒသမ ၈၆ ရာခိုင်နှုန်း ကျော်နှင့် အဋ္ဌမတန်း ကျောင်းသား ငါးသိန်း ငါးသောင်းကျော် ဝင်ရောက်ဖြေဆို ခဲ့ကာ အောင်မြင် သူသုံးသိန်းကျော် ရှိပြီး အောင်ချက် ၅၄ ဒသမ ၁၁ ရာခိုင်နှုန်း ရှိကြောင်း အခြေခံပညာ ဦးစီးဌာနမှ သိရသည်။ (၄၄၇)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger