www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 13, 2015

လောက်ကိုင်ဒေသသို့ ထောက်ပံ့ပစ္စည်းများ ပို့ဆောင်သည့် ယာဉ်တန်းအား အလစ်အငိုက် ပစ်ခတ်တိုက်ခိုက် ၊ သောင်းကျန်းသူများထံမှ လက်နက်ခဲယမ်း နှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ



နေပြည်တော် ၊ ၁၃-၃-၂၀၁၅

လားရှိုးမြို့မှ လောက်ကိုင် ဒေသသို့ ထောက်ပံ့ပစ္စည်းများ ပို့ဆောင်သည့် ယာဉ်တန်းအား မတ် ၁၁ ရက် မွန်းလွဲ ၁ နာရီခန့် တွင် မာလီရှူးဝါး အနီး၌ ကိုးကန့် သောင်းကျန်းသူ အင်အားစု အချို့က စတင် နှောင့်ယှက် ပစ်ခတ် ခဲ့ပြီးနောက် သောင်းကျန်းသူ အင်အားစုအချို့ ထပ်မံ ရောက်ရှိလာကာ ယာဉ်တန်းအား ဝိုင်းပတ်ပစ်ခတ် တိုက်ခိုက်ခဲ့၍ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

တပ်မတော် စစ်ကြောင်းများက လက်နက်ကြီး ပစ်ကူများ ရယူ၍ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာ သွားခဲ့ပြီး ဆုတ်ခွာသွားရာ နောက်သို့ တပ်မတော် စစ်ကြောင်းများက လိုက်လံ ရှင်းလင်းလျက် ရှိသည်။

ထို့အတူ ပါစင်ကျော် ကျေးရွာအနီး လမ်းကြောင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းက ညနေ ၃ နာရီခန့်တွင် ကားလမ်း အရှေ့မြောက်ဘက် တောင်ကြောမှ မသင်္ကာဖွယ် လူတစ်ဦး ဆင်းလာသည်ကို တွေ့ရှိသဖြင့် စစ်ဆေးရန် ရပ်တန့်ခိုင်းရာ အနောက် မြောက်ဘက် လျှိုအတွင်းသို့ ထွက်ပြေး သွားခဲ့၍ ၄င်းလျှိုအတွင်း သွားရောက် ရှင်းလင်းရာ မြွေရေခွံအိတ်နှင့် ထုပ်ထားသည့် လက်နက်/ခဲယမ်း ဆက်စပ်ပစ္စည်း နှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်း ရမိခဲ့သည်။

ထို့အပြင် ယမန်နေ့ မွန်းလွဲပိုင်းတွင် နယ်မြေ ရှင်းလင်းရန် ထွက်ခွာလာသော တပ်မတော် စစ်ကြောင်းအား ကိုးကန့် သောင်းကျန်းသူ အင်အားစုများက မော်ထိုက် အနောက်ဘက် တောင်ကြောများ တစ်ဝိုက်မှ စောင့်ကြို၍ အလစ်အငိုက် ချောင်းမြောင်း တိုက်ခိုက် လာသဖြင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ တောင်ဘက်သို့ ဆုတ်ခွာသွားရာ တပ်မတော် စစ်ကြောင်းများက လိုက်လံ ရှင်းလင်းလျက် ရှိသည်။

အထက်ပါ ဖြစ်စဉ်များတွင် ကိုးကန့် သောင်းကျန်းသူ များထံမှ အမ် (၂၁) နှစ်လက်၊ ခဲယမ်း နှင့် ဆက်စပ်ပစ္စည်းများ၊ စိတ်ကြွ ရူးသွပ်ဆေးပြား A တံဆိပ်စာတန်းပါ ဆေးပြား ၆ဝဝဝ ပြားပါ အထုပ် ၃၈ ထုပ်နှင့် ဆေးပြား ၅၆၉၈ ပြား၊ WY စာတန်းပါ အစိမ်းရောင် ဆေးပြား ၂၂ဝဝ ပြား၊ စုစုပေါင်း ဆေးပြား ၂၃၅၈၉၈ ပြား (ကာလတန်ဖိုး ကျပ် ၅၈၉၇ သိန်းကျော်ခန့်) တို့အား သိမ်းဆည်း ရမိခဲ့ပြီး တပ်မတော် မှ စစ်သည်သုံးဦး နိုင်ငံတော် အတွက် အသက်ပေးလှူ ခဲ့ကာ အရာရှိ၊ စစ်သည် ငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger