www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 30, 2015

မူဆယ်၌ ဖွင့်လှစ်ထားသည့် ကဏန်းအဝယ်ဒိုင်များ ရန်ကုန်နှင့် လပွတ္တာတို့တွင် ပြောင်းလဲဖွင့်လှစ်ရန် သတ်မှတ်


ရန်ကုန် ၊ ၃ဝ-၃-၂ဝ၁၅

မြန်မာနိုင်ငံမှ ကဏန်းများကို ပြည်ပ ဈေးကွက်သို့ တင်ပို့ရောင်းချ ရာတွင် ကဏန်း အဝယ်ဒိုင် များကို မူဆယ်တွင် ဖွင့်လှစ်ထားရာမှ ရန်ကုန်နှင့် လပွတ္တာမြို့ တို့၌ ပြောင်းလဲ ဖွင့်လှစ်ရန် သတ်မှတ် လိုက်ကြောင်း မြန်မာနိုင်ငံ ကဏန်း လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးနှင်းဦး ၏ ပြောကြားချက် အရ သိရသည်။

ယမန်နှစ်က ပြည်တွင်းမှ ထွက်ရှိသော ကဏန်းများကို တရုတ်နိုင်ငံ သို့သာ တင်ပို့ ရောင်းချနေသဖြင့် ကဏန်း အဝယ်ဒိုင်များ ကို မူဆယ်၌ ဖွင့်လှစ်ထားခြင်း ဖြစ်ပြီး ယခုအခါ တရုတ်ဝယ်လက် များက ဈေးနှိမ်ဝယ်ယူ လာသည့်အပြင် တခြားနိုင်ငံ များသို့ ရောင်းချရန် ကဏန်း အဝယ်ဒိုင်များကို ရန်ကုန်နှင့် လပွတ္တာ တို့၌ ပြောင်းလဲ ဖွင့်လှစ်နိုင်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအခါ ပြည်တွင်းမှ ထွက်ရှိသည့် ကဏန်းများကို တရုတ်နိုင်ငံ သာမက ဗီယက်နမ်၊ ထိုင်း၊ ဂျပန်နှင့် တောင်ကိုရီးယား စသည့် နိုင်ငံများက တင်သွင်းရန် ကမ်းလှမ်းမှုများ ပြုလုပ် လာသည့်အပြင် ဈေးပြိုင်ပေး စနစ်ဖြင့် ဝယ်ယူမည် ဖြစ်၍ ဈေးကောင်း ပိုမိုရရှိမည် ဖြစ်ကြောင်းနှင့် အထူးသဖြင့် ပြည်ပနိုင်ငံ အများစုက ကဏန်းပျော့ကို အဓိကထား ဝယ်ယူလျက် ရှိကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း ရှင်များ အဖွဲ့ချုပ်မှ သိရသည်။

''အခု လက်ရှိမှာ ကဏန်းတွေကို ပြည်ပတင်ပို့ဖို့ အတွက် ကုန်ချိန် အများကြီး ဝယ်တဲ့ဒိုင်တွေက မူဆယ်မှာပဲ ရှိတယ်။ တခြားနေရာ တွေမှာ ကဏန်း အဝယ်ဒိုင် အကြီးကြီးတွေ မရှိဘူး။ ဒီနိုင်ငံမှာ ကဏန်း အများဆုံး ထွက်တာက လပွတ္တာ ဘက်ကပေါ့။ ပြီးတော့ ဧရာဝတီတိုင်း ဒေသကြီး ထဲက တချို့မြို့နယ် တွေကလည်း ထွက်တယ်။ ဒီက ကဏန်းတွေကို မူဆယ်ဘက်ကို ပို့ရတာ။ အဲဒီအတွက် အချိန်ကြာတယ်။ စရိတ်စက ရှိတယ်။ 

ဟိုရောက်မှ တရုတ် ဝယ်လက်က မဝယ်ဘူးဆိုရင် ဒီကိုပြန်သယ် လာလို့ မရဘူး။ ရတဲ့ဈေးနဲ့ပဲ ရောင်းခဲ့ရတာ။ တရုတ် ဝယ်လက်ကလည်း အဲဒီ ပျော့ကွက် ကိုနင်းပြီး ဈေးနှိမ်တာ'' ဟု မြန်မာနိုင်ငံ ကဏန်း လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးနှင်းဦး က ဆက်လက် ပြောသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၌ ကဏန်း ထွက်ရှိမှု အများဆုံး နေရာဖြစ်သည့် လပွတ္တာမြို့ကို အခြေပြု၍ ကဏန်း အဝယ်ဒိုင်များ ဖွင့်လှစ်ခဲ့ပြီး လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်၍ ရေထွက်ကုန်များကို အရောင်းအဝယ် ပြုလုပ်ရာတွင် ဝယ်လက် ကုန်သည် များသည် ရန်ကုန်မြို့ကို အခြေပြု၍ ကဏန်း အဝယ်ဒိုင်များ ဖွင့်လှစ်ပြီး ပြည်ပ ဈေးကွက်များသို့ ဖြန့်ဖြူး ရောင်းချရန် ပြင်ဆင်ခြင်း ဖြစ်ကြောင်း သိရသည်။

ယခင် အလေးချိန် ၁ဝဝ ဂရမ်နှင့် အထက် ကဏန်းများ ကိုသာ ဈေးကွက် အတွင်းသို့ တင်ပို့ရောင်းချ ဖြန့်ဖြူးရာမှ ယခုအခါ ၈ဝ ဂရမ်အထိ တင်ပို့ ရောင်းချခွင့် လျှော့ချ ပေးလိုက် ခြင်းကြောင့် ကဏန်း အရောင်းအဝယ် လုပ်ငန်း လုပ်ကိုင်သူများ ပိုမို အဆင်ပြေ လာမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger