www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 17, 2015

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် Sky Net မီဒီယာ တွေ့ဆုံ



နေပြည်တော် ၊ ၁၇-၂-၂၀၁၅

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဖေဖော်ဝါရီ ၁၄ ရက် ညနေ ၄ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ၌ပြည်တွင်း သတင်းမီဒီယာများ ဖြစ်သည့် Sky Net ၊ Tomorrow ၊ 7 Day ၊ Yangon Time ၊ Messenger နှင့် Eleven တို့အား သီးခြားစီ တွေ့ဆုံ၍ သတင်းမီဒီယာများ၏ သိရှိ လိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့သည်။

ထိုသို့ တွေ့ဆုံမေးမြန်းခဲ့သည့် သတင်းမီဒီယာများမှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က Sky Net မီဒီယာနှင့် တွေ့ဆုံစဉ် သိရှိလိုသည့် မေးမြန်းမှုများ အပေါ် ပြန်လည်ဖြေကြားချက် အပြည့်အစုံအား ပြည်သူအများ သိရှိနိုင်ရန် အောက်ပါ အတိုင်း ဖော်ပြအပ်ပါသည်-

Skynet - ဗိုလ်ချုပ်မှူးကြီးခင်ဗျား၊ မင်္ဂလာပါ။ အခုလို ကျွန်တော်တို့ Skynet ရုပ်သံလိုင်းကို အင်တာဗျူးခွင့် ပေးတဲ့အတွက် တွေ့ဆုံမေးမြန်းခွင့်ပေးတဲ့ အတွက် အထူးကျေးဇူးတင်ရှိပါ တယ်ခင်ဗျာ။ အခုပထမဆုံး ကျွန်တော်မေးမြန်းချင်တဲ့ မေးခွန်းကတော့ ကျွန်တော်တို့ မိဘပြည်သူတွေအားလုံး၊ တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံး လိုလား တောင်းတနေတဲ့ ငြိမ်းချမ်းရေး တည်ဆောက် နေမှု၊ နိုင်ငံမှာ အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ဒီငြိမ်းချမ်းရေး တည်ဆောက်မှုနဲ့ ပတ်သက်ပြီးတော့ တပ်မတော်က လက်ရှိပါဝင် ဆောင်ရွက် အကောင်အထည်ဖော် ပေးနေတဲ့ အခန်းကဏ္ဍ လေးတွေ၊ သဘောထားလေးတွေ၊ ရည်မှန်းချက်လေးတွေ၊ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေလေးတွေ ပေါ့ခင်ဗျာ။ အဲဒါလေးတွေကို သိပါရစေခင်ဗျာ။

ဗိုလ်ချုပ်မှူးကြီး - တိုင်းပြည်တစ်ပြည်ဖွံ့ဖြိုးတိုးတက်မှု ဆိုတာကတော့ တည်ငြိမ်အေးချမ်းမှု မဖြစ်မနေ လိုအပ်ပါတယ်။ တည်ငြိမ်အေးချမ်းမှုဆိုတာကလည်း တရားဥပဒေစိုးမိုးမှုလည်းပါ ပါတယ်၊လုံခြုံရေးအပိုင်းလည်းပါတာပေါ့။ ငြိမ်းချမ်းရေးဆိုတဲ့ စကားဖြစ်လာတဲ့အခါ ကျတော့လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေ့နဲ့ရင်ဆိုင်နေရတဲ့ ပြဿနာ တွေရှိတယ်။ ကျွန်တော်တို့တိုင်းပြည်က ၁၉၄၈ ခုနှစ်လွတ်လပ်ရေးရတဲ့ အချိန်ကနေ ယနေ့ထက်တိုင်လက်နက်ကိုင် တိုင်းရင်းသား ပဋိပက္ခလေးတွေက မချုပ်ငြိမ်းသေးပါဘူး။ ကျွန်တော်တို့တပ်မတော် အနေနဲ့ကတော့ နိုင်ငံတော် လွတ်လပ်ရေးရအောင်လည်း ပြည်သူနဲ့လက်တွဲပြီး ဆောင်ရွက်ခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်းမှာလည်း တိုင်းရင်းသားရေး၊ အယူဝါဒရေးအကြောင်း အမျိုးမျိုးကြောင့် ပြဿာနာတွေရင်ဆိုင်ခဲ့ရ ပြီးတော့ တိုင်းပြည်တည်ငြိမ်းအေးချမ်းမှု ပျက်ပြားပြီး ပြည်သူလူထုတွေအများကြီး ဒုက္ခရောက်ခဲ့တယ်။ ဒီအတွက်တိုင်းပြည်၊ ပြည်သူလူထု အေးချမ်းအောင်ဆိုပြီး တပ်မတော် အနေနဲ့တစ်ဖက်လည်းကာကွယ်၊ တစ်ဖက်ကလည်းငြိမ်းချမ်းရေး ရအောင်ကြိုးစား၊ ဒီလိုနဲ့နှစ်ပိုင်းလုပ်ခဲ့တာ တွေ့ရပါတယ်။ တပ်မတော်ရဲ့ဆန္ဒကတော့ ပြည်သူရဲ့ဘဝ တည်ငြိမ်းအေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားတာပေါ့။ တိုင်းပြည်တည်တည် ငြိမ်ငြိမ်ရှိရမယ်။ တပ်မတော်ဆိုတာ တိုင်းပြည်ကာကွယ်ဖို့ထားတာ။ တိုင်းပြည်ကာကွယ်ဖို့ ဆိုတာ၊ တိုင်းပြည်ကာကွယ်ရုံနဲ့ မရဘူး၊ တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့လည်း လိုပါတယ်။ ဒါကြောင့်တည်ငြိမ်းအေးချမ်းမှု ပျက်ပြားနေတဲ့ ကိစ္စရပ်တွေကို တည်ငြိမ်အေးချမ်းမှု ရှိအောင် တပ်မတော်အနေနဲ့ ကြိုးစားရတာပေါ့ ဒါအခုဆိုရင် ကျွန်တော်တို့ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းကို သွားနေတာပေါ့၊ ဒီလမ်းကြောင်းပေါ်မှာ ပြည်သူတွေ စိတ်လက်ချမ်းသာစွာနဲ့ ကြောင့်ကြကင်းစွာနဲ့ လုပ်နိုင်အောင်လုပ်ဖို့ ဆိုတာကတော့ တပ်မတော်ကနေပြီးတော့ မဟာဗျူဟာ ကူညီရမယ့် ဆောင်ရွက်ပေးရမယ့် တာဝန် အပြည့်အဝရှိပါတယ်။ ဒါကိုကျွန်တော်တို့ လုပ်ပေးနေတာပေါ့။ ဒါကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ကျွန်တော်တို့အနေနဲ့ ဒီလမ်းကြောင်းပေါ်မှာ ရောက်လာအောင် ကျွန်တော်တို့ မျိုးစုံကြိုးစားပြီးတော့ ဆောင်ရွက်ပေးနေပါတယ်။

Skynet - ဒီငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းတွေကို ကျွန်တော်တို့ တပ်မတော်ဘက်ကရော၊ အစိုးရဘက်ကရော၊ တိုင်းရင်းသားအဖွဲ့အစည်းတွေဘက်ကရော အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးပြီးတော့ ဖြစ်မြောက်အောင် အကောင်အထည်ဖော်နေတာကို ကျွန်တော်တို့ ပြည်သူတွေ အနေနဲ့လည်း တွေ့နေရပါတယ်ခင်ဗျာ။ တပ်မတော်ဆိုတာကလည်း နိုင်ငံတိုင်း၊ တိုင်းပြည်တိုင်း၊ လူအဖွဲ့အစည်းတိုင်း အတွက် မရှိမဖြစ် အဖွဲ့အစည်းပါခင်ဗျာ။ တိုင်းပြည်တစ်ခု၊ လူအဖွဲ့အစည်းတစ်ခုရဲ့ အကျိုးစီးပွားတွေကိုရေရှည် တည်တံ့ခိုင်မြဲ သွားအောင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရာမှာ တပ်မတော်တိုင်းရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ ကျွန်တော်တို့ မြန်မာတပ်မတော်ရဲ့အခန်းကဏ္ဍလည်း အရေးကြီး ပါတယ်။ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ကျွန်တော်တို့ပြီးခဲ့တဲ့ တပ်မတော်နေ့ အခမ်းအနား တွေမှာ မိန့်ခွန်း ပြောကြားရင်းနဲ့ ပြည်သူတွေသိအောင် သတင်းစကားပါးခဲ့တာ ရှိပါတယ်။ ကျွန်တော်တို့ခေတ်မီနေတဲ့ တပ်မတော်ကြီး၊ စွမ်းရည် (၃) ရပ်နဲ့အမြဲပြည့်ဝနေတဲ့ တပ်မတော်ကြီး ဖြစ်အောင်လည်း တည်ဆောက် ကြိုးပမ်းနေတာကိုလည်း သိရပါတယ် ခင်ဗျာ။ ဒါကြောင့်လက်ရှိ မြန်မာနိုင်ငံရဲ့ခေတ်မီ တပ်မတော်ကြီး တည်ဆောက်ရေး လုပ်ငန်းစဉ်ကို ဘယ်လိုအကောင်အထည်ဖော် တည်ဆောက်နေလဲ သိချင်ပါတယ်။ ဆက်လက်ပြီး ကျွန်တော်တို့ တပ်မတော်မှာဆိုရင် အမျိုးသမီး စစ်သည်အရာရှိတွေ လေ့ကျင့်ပေးနေတယ်၊ ပျိုးထောင် ပေးနေတယ်၊ ပေါ်ထွန်းလာတဲ့ ဖွဲ့စည်းမှုအသွင်သဏ္ဋာန် တွေကလည်း ထူးခြားတဲ့ အပြောင်းအလဲတွေ အဖြစ် မြင်တွေ့နေရပါတယ်ခင်ဗျာ။ ဒါကြောင့် ခေတ်မီတပ်မတော် ဖွံ့ဖြိုးတိုးတက် ရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်နေမှု အခြေအနေလေးတွေကို သိချင်ပါတယ်ခင်ဗျာ။

ဗိုလ်ချုပ်မှူးကြီး - နိုင်ငံတော် ကာကွယ်ရေးဆိုရာမှာ အရေအတွက်ထက် အရည်အချင်းလည်းရှိဖို့ လိုအပ်ပါတယ်။ စွမ်းရည်ရှိဖို့ အဓိကလိုအပ်ပါတယ်။ အနှစ်ကတော့ လူစွမ်းရည်ရှိဖို့ လိုအပ်တယ်။ လက်နက်တွေပစ္စည်းတွေ ဘယ်လောက်ကောင်းကောင်း လူ့စွမ်းရည် မရှိလည်း ဒီဟာတွေကို ထိထိရောက်ရောက် အသုံးချနိုင်မှာ မဟုတ်ပါဘူး။ လူ့စွမ်းရည် ဘယ်လောက်ပဲ ကောင်းကောင်း လက်နက် ပစ္စည်းကိရိယာတွေ မကောင်းရင်လည်း နိုင်ငံတော်ကာကွယ်ရေးမှာ ထိရောက်တဲ့ ကာကွယ်ရေးဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီနှစ်ခုလုံးကို ကောင်းအောင် လုပ်ရပါမယ်။ ဒါကြောင့် တစ်ဖက်ကလည်း နိုင်ငံတော် ကာကွယ်ရေးအတွက် လူသားအရင်းအမြစ်တွေကို စွမ်းရည်ထက်မြက်အောင် လုပ်ပေးရပါတယ်။ ဒီခေတ်ကလည်း စစ်အသုံးအဆောင် ပစ္စည်းတွေက တအားခေတ်မီ လာတယ်။ ခေတ်မီလာတော့ ဒါတွေ အသုံးချနိုင်ဖို့ အတက်ပညာလည်း လိုလာတယ်။ အတက်ပညာဆိုတာ အတန်းပညာမရှိလို့မရပြန်ဘူး။ ဒါကြောင့် တပ်မတော်အတွင်း မှာ အရည်အသွေးမြင့်မားရေးကို တစ်ဖက်ကလည်းလုပ်တယ်။ ဒါကတော့လူသား အရင်းအမြစ်ရဲ့အရည်အချင်း တိုးတက်ရေးပေါ့။ တစ်ဖက်ကလည်း ခေတ်မီလက်နက် ပစ္စည်းတွေကို နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေရရှိနိုင်မှုအပေါ် မူတည်ပြီးတော့ တပ်ဆင်ရတာ ရှိပါတယ်။ ဒါလည်း ကျွန်တော်တို့က မလုပ်လို့လည်းမရဘူး။ နိုင်ငံတကာမှာ ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေး ပြောပြီးတော့ သူ့နိုင်ငံကာကွယ်ရေး အတွက်အင်အားတိုးချဲ့နေတာ လက်ညိုးထိုးလို့ မလွဲဘူး။ မြင်နေရတာ။ ဒါလည်း စိုးရိမ်ကြောင့်ကြ စရာဖြစ်ပါတယ်။ လူတိုင်းကတော့ ငြိမ်းချမ်းရေး လိုချင်ကြတယ်။ ဒါပေမဲ့ငြိမ်းချမ်းရေး ပျက်ပြားမှာကို စိုးရိမ်ကြတယ်။ ဒါကြောင့် သူတို့ရဲ့တိုင်းပြည် ငြိမ်းချမ်းရေး မပျက်ပြားအောင်ဆိုပြီးတော့ ကာကွယ်ရေးကို တည်ဆောက်ကြတယ်။ တည်ဆောက်ရင်းနဲ့ တစ်ဖက်ကလည်း ဒါကိုသတိပြုပြီးတော့မှ သူ့ကိုလည်းပြန်ပြီးတော့ တုံ့ပြန်နိုင်တဲ့ အခြေအနေမျိုးရအောင် ဆိုပြီးတော့ နိုင်ရင်နိုင်သလိုလုပ်ကြရတဲ့ အနေအထား ရှိပါတယ်။ ကျွန်တော်တို့လည်း အဓိကက နိုင်ငံကာကွယ်ဖို့အတွက်၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ် ကာကွယ်ဖို့အတွက် ကျွန်တော်တို့တပ်မတော်က ကာကွယ်ဖို့ တာဝန်ရှိပါတယ်။ သူများ တိုက်ဖို့တော့ မဟုတ်ပါဘူး။ ကာကွယ်ဖို့ဆိုတော့ လာတိုက်တဲ့သူဆိုရင်တော့ ပြန်တိုက်ထုတ်ရမှာပေါ့။ ဒီလိုတော့ရှိတာပေါ့။ တိုက်နိုင်ဖို့အတွက်မပြင်လို့မရဘူး။ ပြင်ရမယ်။ တစ်ဖက်မှာလည်း ခုနကဆရာမေးတဲ့ အမျိုးသမီးကဏ္ဍတွေမှာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လူဦးရေ သန်းပေါင်း ၅၁သန်းလောက် ရှိပါတယ်။ ၂၅ ရာခိုင်နှုန်းကျော်က အမျိုးသမီးတွေဖြစ်ပါ တယ်။ တပ်မတော်မှာလည်း လွတ်လပ်ရေးရတဲ့ အချိန်မှစပြီးတော့ အမျိုးသမီး စစ်မှုထမ်း တွေရှိခဲ့ပါတယ်။ အရာရှိတွေရှိတယ်၊ အခြားအဆင့်တွေ ရှိခဲ့ပါတယ်။ သို့သော်လည်းပဲ အကြောင်း အမျိုးမျိုးကြောင့် တိုးချဲ့ပြီးတာဝန်မပေးခဲ့တာ ရှိပါတယ်။ ဒီဘက်ခေတ်မှာကတော့ နိုင်ငံတကာ မှာလည်း အမျိုးသမီးတွေကို နေရာပေးပြီးတော့မှ ကဏ္ဍပေါင်းစုံမှာတာဝန်ပေး ထမ်းဆောင်တာတွေ ရှိပါတယ်။ ကာကွယ်ရေးတင်မကပါဘူး တခြားနယ်ပယ်တွေ မှာလည်းအများကြီးရှိပါတယ်။ နောက်ဆုံး နိုင်ငံရဲ့ တာဝန်ရှိအရေး ပါတဲ့နေရာထိအောင် အမျိုးသမီးတွေရှိလာပါတယ်။ ဒီလိုပါပဲတပ်မတော်မှာလည်း သူတို့လုပ်နိုင်တဲ့ နေရာပိုင်းတွေကို တာဝန်ပေးခြင်းအားဖြင့် တိုင်းပြည်မှာရှိတဲ့အမျိုးသမီးတွေရဲ့လုပ်အား စွမ်းပကားကိုပါ အသုံးချနိုင်တာပေါ့။ သူတို့လည်း အားတစ်ခုပါပဲ။ ကျွန်တော်တို့ တပ်မတော်မှာလည်း အမြဲတမ်း စစ်မှုထမ်းမဟုတ်တဲ့ ရဲမေတွေရှိပါတယ်။ တပ်မတော် သားတွေအများကြီးပါ ကျွန်တော်တို့အင်မတန် အများကြီး အားကိုးရပါတယ်။ သူတို့ထက်ဆိုရင် ဒီအမျိုးသမီးအရာရှိ စစ်သည်တွေကျတော့ သေချာလေ့ကျင့်ထားတဲ့ လူတွေဖြစ်တာပေါ့။ လေ့ကျင့်ထားတဲ့ လူတွေဖြစ်တဲ့အတွက်ကြောင့် သူတို့ရဲ့ အရည်အသွေးဟာ ကျွန်တော်တို့ တပ်မတော်အတွက် အားထားရလောက်တဲ့ အနေအထားကို ရှိနိုင်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ ကျွန်တော်တို့ အခုတပ်မတော်မှာ ဗိုလ်မှူးကြီးအဆင့် တပ်မှူးကြီး နှစ်ယောက် ပေးထားပါတယ်။ အမျိုးသမီး တပ်မှူးကြီး နှစ်ယောက် ပေးထားပါတယ် ။ တော်တော်လေး လုပ်နိုင်တာကို သွားတွေ့ရပါတယ်။ ဒီလိုပဲ နောက်ကျလို့ ရှိရင်လည်း အခုမွေးထုတ်ပေးလိုက်တဲ့ အရာရှိငယ် အမျိုးသမီးတွေ လည်း တစ်ချိန်မှာ သူတို့အတွေ့အကြုံ ရလာမယ်ဆိုလို့ရှိရင် သူတို့ရဲ့အရည်အချင်းတွေ ပေါ်လာပြီဆိုရင်လည်း သူတို့ရဲ့ အရည်အချင်းပေါ် မူတည်ပြီးတော့၊ သူတို့ရဲ့ကြိုးစား အားထုတ်မှုပေါ် မူတည်ပြီးတော့၊ ဆက်လက်ပြီးတော့လည်း တာဝန်တွေကိုတိုးမြှင့် ထမ်းဆောင်ခွင့် ရသွားမယ်လို့ ကျွန်တော်ပြောလိုပါတယ်။

Skynet - ဟုတ်ကဲ့ပါခင်ဗျာ နိုင်ငံတကာတပ်မတော်တွေကို လေ့လာကြည့်လိုက်ရင်လည်း ဒီအမျိုးသား၊ အမျိုးသမီး တွေလေ့ကျင့်ပျိုးထောင် သင်ယူပြီးတော့ တိုင်းပြည်တာဝန်တွေကို ထမ်းဆောင် နေကြတာကို တွေ့နေရပါတယ်ခင်ဗျာ။ နောက်တစ်ချက်က ဗိုလ်ချုပ်မှူးကြီး ခင်ဗျာ အခုကျွန်တော်တို့ တပ်မတော်နဲ့ ပတ်သက်လာလို့ရှိရင် ပေါ့နော်။ ကျွန်တော်တို့ဟာ လုံခြုံရေး၊ ကာကွယ်ရေးဟာ အဓိက တာဝန်တွေလို့ ပြောလေ့ရှိကြပါတယ်ခင်ဗျာ။ ဒါပေမဲ့ အခုလက်ရှိမှာ တပ်မတော်အနေနဲ့ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကိုလည်း လုပ်ဆောင်နေတာ တွေ့ရပါတယ်။ ကျွန်တော်တို့မြင်တွေ့ရတဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်း ဆိုတာ ဥပမာ ကျွန်တော်တို့ဒီ မျက်စိပေါ့နော် အထက်အညာ ဒေသတွေမှာ၊ ဝေးလံ ခေါင်တဲ့ဒေသအချို့မှာ မျက်စိစမ်းသပ်တာ၊ ခွဲစိတ်ကုသပေးတာ၊ ဆေးဝါး ကုသပေးတာ၊ နောက်တစ်ခါ သောက်သုံးရေရရှိရေး ကဏ္ဍမျိုးတွေပေါ့။ ဒီလိုမျိုး ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေတာ ကိုကျွန်တော်တို့ မြင်တွေ့ရပါတယ်။ ဒီပြည်သူ့ အကျိုးပြု လုပ်ငန်းတွေကိုလည်း တပ်မတော်အနေနဲ့ ဘယ်လိုမူဝါဒတွေ ချမှတ်အကောင် အထည်ဖော်နေတယ် ဆိုတာကိုလည်သိပါရစေခင်ဗျာ။

ဗိုလ်ချုပ်မှူးကြီး - ဒါကတော့ကျွန်တော်ပြောတဲ့ ၄၈ ခုနှစ်လွတ်လပ်ရေးရတဲ့ အချိန်ကစပြီး ပြည်သူနဲ့ လက်တွဲပြီး လုပ်ခဲ့တာ။ လွတ်လပ်ရေး ကြိုးပမ်းမှုမှာ ပြည်သူနဲ့တွဲခဲ့တယ်။ နောက် ဒီလွတ်လပ်ရေး နောက်ပိုင်းမှာလည်း တိုင်းပြည်ရဲ့ အန္တရာယ်မှန်သမျှ ပြည်သူနဲ့လက်တွဲပြီး တော့လုပ်ခဲ့တာ။ ပြည်သူရဲ့ ခံစားနေရတာ တပ်မတော်ကလည်း သိတယ်။ တပ်မတော်ခံစား နေရတာလည်း ပြည်သူကသိတယ်။ ဒါကြောင့် ကျွန်တော်တို့ လုပ်ပေးနိုင်တဲ့နေရာမှာ ပြည်သူ့အတွက် ဖော်ဆောင်ပေးနေတာ တစ်ပိုင်းပါတာပေါ့။ ကျွန်တော်တို့ တပ်မတော်သား တွေက ဒီတိုင်းရင်းသားပေါင်းစုံက ပေါက်ဖွားလာတဲ့လူတွေ။ တပ်မတော်က သီးခြား မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ နဂိုကတည်းက ခံယူချက်ကိုက ပြည်သူ့အကျိုးကို ဖော်ဆောင်ပေးမယ်ဆိုတဲ့ စိတ်ကိုအမြဲတမ်း နဂိုတည်းကရှိခဲ့တယ်။ ဒါကြောင့် ဘယ်နေရာပဲရောက်ရောက် တပ်မတော်သားတွေဟာ ပြည်သူရဲ့အကျိုးကို ဖော်ဆောင်ပေးမယ်ဆိုတဲ့ ခံယူချက်နဲ့ အလုပ်လုပ်ကြတာပါ။ တွေ့နိုင်ပါတယ။ ဒီဆေးကုသတာတွေတင် မဟုတ်ပါဘူး။ သဘာဝ ဘေးအန္တရာယ်တွေ ဖြစ်ကြတယ်၊ သဘာဝ ဘေးအန္တရာယ် ဖြစ်လို့ရှိရင် အရေးရယ် အကြောင်းရယ်ဆိုရင် ထိပ်ဆုံးက ရောက်တာ တပ်ကပဲဖြစ်ပါတယ်။ ဒါကျွန်တော်ပြောလို့ ပြောတာမဟုတ်ပါဘူး။ တကယ်သွားကြည့်မယ် ဆိုလို့ရှိရင် ကျွန်တော် ကိုယ်တိုင်လည်း အမိန့်ပေးထားတယ်။ အရေးပေါ် အခြေအနေဖြစ်လာလို့ရှိရင် အထက် အမိန့် စောင့်စရာ မလိုဘူးသွား။ သတင်းပို့ပြီးလို့ရှိရင် ကျွန်တော်တို့က ဒီလိုဖြစ်နေတယ်၊ အဲဒါဆိုရင် ကျွန်တော်တို့က လိုအပ်တဲ့ဟာကို ထပ်မံဖြည့်ဆည်းပေးမှာပေါ့။ အရေးကြီး တာကတော့ အမြန်ရောက်အောင် သွားဖို့လိုတယ်။ ဒါပြည်သူကို ကာကွယ်ပေးတာပေါ့။ ဒါတပ်မတော်ရဲ့အလုပ်ပဲ။ ဒါကသဘာဝဘေး အန္တရာယ် အတွက်။ ဆရာ ခုနကပြောတဲ့ ဆေးဝါးကုသမှု အပိုင်း၊ ဒါတွေလည်း ကျွန်တော်တို့လုပ်ပေးတာရှိတယ်။ နောက်ပြီးလို့ရှိရင် ပြည်သူ့အကျိုး ဖော်ဆောင်ပေးတာလည်း အများကြီးရှိပါတယ်။ ဥပမာ တံတားတွေ ဆောက်ပေးတာတို့၊ လမ်းတွေကို ကူပြီးတော့ ဖောက်ပေးတာတို့ ။ နောက်တစ်ခါ စာသင် ကျောင်းတွေမှာ ဝိုင်းပြီးကူညီပေးတာတို့။ ဘုရားကျောင်းကန်နဲ့ ပတ်သက်ပြီးတော့လည်း ဗုဒ္ဓဘာသာတင် မဟုတ်ပါဘူး ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေလည်း ပါပါတယ်။ ကျွန်တော်တို့ ဝိုင်းဝန်းဆောင်ရွက်ပေးတဲ့ နေရာတွေလည်း အများကြီး ရှိပါတယ်။ သိတဲ့လူလည်းရှိသလို၊ မသိတဲ့သူတွေလည်း ရှိကြမှာပေါ့။ သို့သော်လည်းပဲ ကျွန်တော်တို့ အနေနဲ့ ခွဲခြားမှုမရှိဘဲနဲ့ လုပ်ပေးနေပါတယ် ဆိုတာကိုတော့ ကျွန်တော်ပြောချင်ပါတယ်။

Skynet - ဒီတပ်မတော်ရဲ့ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေပေါ့နော်။ မီဒီယာတွေမှာလည်း ဖော်ပြပါရှိမှု နည်းပါးတဲ့ အခါကျတော့ အများပြည်သူက သိရှိမှုနည်းပါတယ်။ ကျွန်တော်ကတော့ ကိုယ်တိုင်ကို မြင်တွေရတဲ့အတွက် ဒီမေးခွန်းကို မေးဖြစ်သွားခြင်းပဲ ဖြစ်ပါတယ်ခင်ဗျာ။ နောက်တစ်ခုကတော့ ဗိုလ်ချုပ်မှူးကြီး ခင်ဗျာ။ အခုလက်ရှိ ဒီနေ့ ဒီရက်ကာလ ရှမ်းပြည်နယ် မြောက်ပိုင်းအရှေ့မြောက်ပိုင်း၊ လောက်ကိုင်၊ ချင်းရွှေဟော် ဒေသတွေမှာ ဖြစ်ပျက်နေတဲ့တိုက်ပွဲတွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့လည်း ပြည်သူတွေ ကြားထဲမှာ၊ အထူးသဖြင့် ဒေသခံပြည်သူတွေက ပိုပြီးစိုးရိမ်ကြမှာပါ။ ပြည်သူတွေကရော၊ သတင်းမီဒီယာတွေ ကရော၊ နိုင်ငံတကာကရော ဖြစ်စဉ်အမှန်တွေကို ဘယ်လိုတွေဖြစ်ပျက်၊ ဖြစ်ပေါ်နေသလဲ။ ဘယ်လိုတွေ ဖြစ်ပွားနေသလဲ။ ဘယ်လိုတွေ ကိုင်တယ် ဖြေရှင်းလဲဆိုတာ သိချင်နေကြပါတယ်ခင်ဗျာ။ ဒီလောက်ကိုင်ဒေသမှာ ဖြစ်ပွားနေတဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ထိတွေ့မှုဖြစ်စဉ်တွေ၊ ကာကွယ်ရတဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့လည်း ရှင်းလင်းပြောကြား ပေးပါဦးခင်ဗျာ။

ဗိုလ်ချုပ်မှူးကြီး - ဒါကတော့န ည်းနည်းများမယ်ထင်တယ်။ ဒါကျုပ်တိုတိုလေးရှင်းပြမယ်။ ဒီအခုတိုက်နေတဲ့ဒီ ဒီလောက်ကိုင် ဒေသမှာဖြစ်နေတဲ့ အကြမ်းဖက်အဖွဲ့ကတော့ ဖုန်ကြားရှင်ရဲ့အဖွဲ့တွေပါပဲ။ ဒါအခုလာ တိုက်တာပေါ့။ သူက ၂ဝဝ၉ ခုနှစ်က မူးယစ်ဆေးဝါးနဲ့ လက်နက် တရားမဝင် ထုတ်လုပ်တဲ့ ပြဿနာကစခဲ့တဲ့ ဖြစ်စဉ်ပါ။ ကျွန်တော်တို့ ဒီဟာကို ရှင်းခိုင်းတဲ့အခါ သူတို့ ထွက်ပြေးသွားတာပါ။ အဲဒီမှာ ရဲ ၁၇ ယောက်လဲ သူတို့သတ်ခိုင်းတာ ရှိပါတယ်။ သတ်ခဲ့ပြီးတော့ သူတို့ တခြားနေရာမှာသွားပြီး ခိုလှုံတာက နေပြီးတော့မှ သူတို့ ဒီနေရာကို ပြန်ပြီးနေရာရဖို့အတွက် ကြိုးစားလာတဲ့အခါ ဖြစ်စဉ်ဖြစ်ပါတယ်။ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့တာတွေရှိပေမယ့် အခုကျွန်တော်တို့က ၂ဝ၁၁ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေက ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသမှာ တရားဝင်ဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့အုပ်ချုပ်တဲ့ အစိုးရရွေးချယ် ထားတယ်။ ဦးပယ်စောက်ချိန် ဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့ အစိုးရရှိတဲ့၊ အာဏာရ တရားဝင် အစိုးရရှိတဲ့ လောက်ကိုင်မြို့ ကိုလာပြီး ပစ်ခတ်တိုက်ခိုက်တာ ဆိုတာ အချုပ်အခြာအာဏာကို ထိခိုက်တာပဲ။ တရားဝင် အစိုးရရဲ့ အစိတ်အပိုင်းတစ်ခုကို ထိခိုက်တာ ကျွန်တော်တို့ အစိုးရကိုထိခိုက်တာနဲ့အတူတူပဲ။ ဒါကြောင့် တပ်မတော်အနေနဲ့ မကာကွယ်လို့မရဘူး။ လုပ်ကိုလုပ်ရမယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒီဟာတွေအကုန်လုံးကို လုံးဝမရှိအောင် ရှင်းထုတ် ရမှာပဲဖြစ်ပါတယ်။ လောလောဆယ်မှာလည်း လိုအပ်တဲ့ တပ်အင်အားတွေထပ်ဖြည့် ပြီးတော့မှ သူတို့ပေါ်မှာပြန်ပြီးတော့ တန်ပြန်တိုက်ခိုက်မှု အပိုင်းလုပ်နေတဲ့ အပိုင်း တွေလည်း လောလောဆယ် မပြီးသေးဘူးပေါ့ဗျာ။ နယ်စပ်ဒေသ ဖြစ်တဲ့အတွက်ကြောင့် တော်တော်လေး ရှုပ်ထွေးပါတယ်။ နယ်စပ်ဒေသ ဟိုဘက်မှာလည်း မျိုးတူတွေရှိတယ်။ ဒီဘက်မှာလည်း မျိုးတူတွေရှိတယ်။ တူညီတဲ့လူတွေ တူညီတဲ့ အလုပ်တွေ လုပ်နေကြတဲ့ အခါကျတော့ ဒါတွေကို အခွင့်ကောင်းယူပြီးတော့ အမြတ်ထုတ်တယ်လို့ ကျွန်တော်က ယူဆပါတယ်။ ဒါတွေကိုလည်း တစ်ခုတည်းနဲ့ မဟုတ်ပါဘူး အကြောင်းအရာများစွာ ပတ်သက်နေတာကို ကျွန်တော်သိပါတယ်။ သို့သော်လည်းပဲ တပ်မတော် အနေနဲ့ကတော့ ဒီဒေသကို လုံးဝတည်ငြိမ် အေးချမ်းသွားအောင်လို့ ပြီးပြတ်အောင် ကျွန်တော်ဆောင်ရွက် မယ်လို့ ပြောလိုပါတယ်။ ဆက်လက်ပြီး ဆောင်ရွက်သွားရမှာပါ။

Skynet - ဗိုလ်ချုပ်မှူးကြီးခင်ဗျာ အခုကျွန်တော်တို့ ဒီ ၂ဝ၁၅ ခုနှစ် ကျွန်တော်တို့နိုင်ငံမှာ ဒီနှစ်အနှောင်းပိုင်းမှာလည်း အထွေထွေရွေးကောက်ပွဲကြီး ကျင်းပတော့မယ်။ ဒီအထွေထွေ ရွေးကောက်ပွဲကြီးမှာ ချောမွေ့အောင်မြင် မှုဖြစ်ပေါ်အောင်ပေါ့နော် ကျွန်တော်တို့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ နိုင်ငံအကြီး အကဲတွေကလည်း ထုတ်ဖော် ပြောကြားထားတာရှိပါတယ်။ အဲတော့တပ်မတော် အနေနဲ့ ဒီနှစ်အနှောင်းပိုင်းမှာ ကျင်းပမယ့် ၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို လွတ်လပ်အောင်၊ တရားမျှတမှု ရှိအောင်၊ ချောမွေ့ကောင်းမွန်အောင် ဘယ်လိုများ ပူးပေါင်းဆောင်ရွက်သွားမလဲ၊ ဘယ်လိုများ ကူညီသွားမလဲ ဆိုတာလေးလည်း ထပ်သိချင်ပါတယ်ခင်ဗျာ။

ဗိုလ်ချုပ်မှူးကြီး - ဒါအင်မတန်အရေးကြီးတဲ့ မေးခွန်းတစ်ခုပဲ။ ရွေးကောက်ပွဲဆိုတာကတော့ တရား ဥပဒေစိုးမိုးဖို့ တည်ငြိမ်အေးချမ်းဖို့ ဒါတွေကအင်မတန် အရေးကြီးတယ်။ လူတွေကလည်း မဲပေးပိုင်ခွင့်ရှိတယ်။ လူတွေကော အခြေအနေ အားလုံးဟာလည်း တရားဥပဒေနဲ့အညီ ဖြစ်ဖို့လည်းလိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ ငြိမ်းချမ်းရေးကို ရအောင် ကြိုးစားနေတာပါ။ ၁၉၈ဝ-၉ဝ ပြည့်နှစ်ရွေးကောက်ပွဲ၊ ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲ တွေမှာ ခုနကပြောတဲ့ လက်နက်ကိုင်တိုင်းရင်းသားပဋိပက္ခရှိတဲ့ နေရာတွေမှာတော့ ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ရလဒ်တွေက တော်တော်လေးကို မမှန်ကန်တာကို ကျွန်တော်သွားတွေ့တယ်။ ဒီလိုပဲတရားဥပဒေ စိုးမိုးမှုအားနည်းတဲ့ နေရာတွေမှာလည်း ရလဒ်တွေနဲ့ ပတ်သက်ပြီးတော့ မမှန်မကန်လည်း ဖြစ်နိုင်စရာ ဖြစ်လာစရာ အရာရှိတယ်။ ဒါကြောင့် တရားဥပဒေစိုးမိုးရေးနဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်း တွေကတော့ သက်ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်နယ်မြေအလိုက်လုပ်ကြ။ ကျွန်တော်တို့ကတော့ ခုနကပြောတဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ လက်နက်ကိုင် ပဋိပက္ခရှိတဲ့ နေရာတွေမှာတော့ ငြိမ်းချမ်းရေး ရအောင် ကြိုးစားရမှာပဲ။မရရင်လည်း ကျွန်တော်တို့အတွက် ဒီနေရာကိုတော့ ဒါလုပ်လို့ မရအောင်လို့ ကျွန်တော်တို့ တားရမှာပေါ့ဗျာ။ ကျွန်တော့်အနေနဲ့ကတော့ တရားဥပဒေနဲ့အညီပဲ လွတ်လပ်ပြီး တရားမျှမယ့် ရွေးကောက်ပွဲ ဖြစ်စေချင်တယ်။ ဖြစ်အောင်လည်း ကျွန်တော်တို့ လုပ်မှာပဲ။ ကျွန်တော် တပ်မတော်ကနေပြီးတော့ ဒီအတိုင်းပဲလုပ်ဖို့ ဆုံးဖြတ်ထားတယ် ဆိုတာ ကျွန်တော်အသိပေးပါတယ်။

Skynet - ဟုတ်ကဲ့ပါခင်ဗျာ။ ဒီသတင်းစကားကို မေးမြန်းခွင့်ရတဲ့အတွက် နောက်တစ်ခါ ဖြေကြားမှုကိုလည်း နားဆင်ခွင့် ရတဲ့အတွက်လည်း ဒါသတင်းကောင်း ပါပဲခင်ဗျာ။ တပ်မတော်ရဲ့ ရွေးကောက်ပွဲဆိုင်ရာ သဘောထားနှင့် ဆောင်ရွက်မှုကို ကျွန်တော်တို့ မိဘပြည်သူများအားလုံး ကိုလည်း သိရှိရတာပေါ့ ခင်ဗျာ။ မေးစရာအကြောင်း အရာတွေ၊ မေးမြန်းလိုတဲ့ အကြောင်းအရာတွေ အခုလို မေးမြန်းခွင့်ရတဲ့အတွက် လည်းကျေးဇူး တင်ပါတယ်။ မေးမြန်းချင်တဲ့ မေးခွန်းတွေလည်း များစွာရှိပါသေးတယ်။ ဗိုလ်ချုပ်မှူးကြီးခင်ဗျာ။ အဲဒါပေမယ့်အချိန်ကို ငဲ့ကွက်တဲ့အနေနဲ့ ကျွန်တော်တို့ ဒီအင်တာဗျူးမှာ ဒီလောက်နဲ့ပဲ မေးမြန်းရပါတယ်။ ဗိုလ်ချုပ်မှူးကြီး အနေနဲ့ ဒီ Sky Net ရုပ်သံကနေ တစ်ဆင့် ကျွန်တော်တို့ မြန်မာနိုင်ငံ အတွင်းမှာရှိကြတဲ့ မိဘပြည်သူ တိုင်းရင်းသားများကို ဘယ်လိုမှတ်ချက် သတင်းစကားများ ပေးလိုက်ချင် ပါသလဲ။

ဗိုလ်ချုပ်မှူးကြီး - တိုင်းသူပြည်သားအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီးတော့မှ တိုင်းရေး ပြည်ကျိုး အများကြီး ဆောင်ရွက်နိုင်ကြပါစေလို့ ကျွန်တော် ဆုမွန်ကောင်း တောင်းလိုက် ပါတယ်။ ကျွန်တော် အနေနဲ့လည်း ဒီလိုရနိုင်တဲ့ အခွင့်အရေးမျိုး ဖြစ်အောင်လို့လည်း ကျွန်တော်တို့ တပ်မတော်အနေနဲ့ အပြုသဘော ဆောင်ရွက်သွားမယ်လို့ ကျွန်တော်ပြော ချင်ပါတယ်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger