www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 11, 2015

ဆီးဖြူသီးနှင့် ငါးပြေမဓာတ်စာ


ဆီးဖြူသီးနှင့် ငါးပြေမဓာတ်စာ

ကြည်မြင့်လွင် (မုဒြာ)

စာရေးသူသည် ကျောက်ကပ်တွင် တည်သော ကျောက်ကျစေသည့် ငါးပြေမနှင့် ဇောင်းလျားသီး ဟင်းချက် စားသည့် ဓာတ်စာ အကြောင်းကို ရေးသားဖူးသည်။ ထိုဓာတ်စာနှင့် ကျောက်ကျသူ အတော်များများ လည်းရှိသည်။ယခု တင်ပြမည့် ဆီးဖြူသီးနှင့် ငါးပြေမ ဓာတ်စာမှာ ဆီးကျိတ်ရောင် ရောဂါ၊ ဆီးကျိတ်ကြီး သည့်ရောဂါ၊ ဆီးသွားလျှင် အားမရဘဲ ဆီးကျန်သည့် ရောဂါများ အတွက် အဆင်ပြေသော ဓာတ်စာမျိုး ဖြစ်သည်။ အမျိုးသမီးများ အတွက်မှာ မီးယပ် သွေးသွန် ရောဂါ၊ သွေးဆုံး နောက်ကျသည့် ရောဂါ၊ ဆီးပူဆီးအောင့် ရောဂါများ အတွက် သက်သာစေသည့် ဓာတ်စာ ဖြစ်သည်။

ဆီးဖြူသီးကို ငါးရံ့၊ ငါးခူ၊ ငါးပတ်၊ ငါးမြင်း စသည့် ငါးအမျိုးမျိုး နှင့်လည်း ချက်စား နိုင်သည်။ သို့သော် ဆီးဖြူသီး နှင့် အလိုက်ဖက် ဆုံးမှာ ငါးပြေမ ဖြစ်သည်ဟု မြန်မာ့ အစားအစာ နှင့် အာဟာရ စာအုပ်တွင် တွေ့ရသည်။ ဆီးဖြူသီးကို ပြုတ်ပြီး အစေ့များကို ထုတ်ယူ၍ ငါးပြေမကို ဆီပြန်ချက်၊ ဆီမပြန်မီ ကပင် ဆီးဖြူသီးကို ထည့်ပြီး ဟင်းအနှစ် ပြုလုပ်ပါ။ ဆီးဖြူသီး အနံ့အရသာ နှင့် ငါးပြေမ၏ အရသာသည် လိုက်ဖက်ပြီး နှုတ်မြိန်သည့် ဟင်းတစ်ခွက် ဖြစ်သည်။ ဆီးဖြူသီးကို ဆေးဖက်ဝင် သည့် စားစရာ အဖြစ် မှတ်ယူ ကြသည်။

ရှေးက မြန်မာလူမျိုး များသည် ဆီးဖြူသီးကို အသက်ရှည် စေသော ဆေးအဖြစ် အိမ်တိုင်း ဆောင်ထား ကြသည်။ ရှေးခေတ်က ကျေးလက် တောရွာ များတွင် လမ်းဘေး သောက်ရေအိုး စင်များတွင် ကုသိုလ်ပြု သူများက ဆီးဖြူသီးနှင့် ဆားကို တင်ထားကာ ရေငတ်သူများ အမောပြေ စေရန် လှူဒါန်းလေ့ ရှိသည်။ ထိုကဲ့သို့ ဓလေ့များသည် ယခုအခါ ပျောက်ကွယ် သွားပြီဖြစ်သည်။ အိမ်တိုင်းတွင် ဆီးဖြူသီး အခြောက်ကို ဆောင်ထားလေ့ ရှိသည်။ ခေါင်းအုံး အောက်တွင် ထားအိပ်ပါက သူခိုးနှင့် အန္တရာယ် ပြုမည့် သူများက အိပ်မွေ့ မချနိုင်ဟု ယူဆ ကြသည်။ ဆီးဖြူသီး အခြောက် များကို အိပ်ရာ၊ ခုတင်အောက်တွင် ဖြန့်ကြဲ ထားပါက မြွေ၊ ကင်း စသော အဆိပ်ရှိသော သတ္တဝါများ မလာဟု ယူဆ ကြသည်။ မျက်စိတွင် ဒဏ်သင့် ပါကလည်း ဆီးဖြူသီး ခြောက်ကို ဆားနှင့် သွေး၍ ကွင်းပေးပါက မျက်စိနာ သက်သာ စေသည်။

ဆီဖြူသီးသည် အေးဖန် အရသာရှိ၍ အပူငြိမ်း စေသော သတ္တိရှိသည်။ အသက်ရှည် စေသော တြိဖလခေါ် အသီးသုံးမျိုး (ဆီးဖြူ၊ ဖန်ခါး၊ သစ်ဆိမ့်) တွင် အပါအဝင် ဖြစ်သည်။ ရေငတ်ပြေ စေသည်။ ဆီးကောင်း စေသည်။ အနာများကို ကျက်စေသည်။ သို့သော် အဖန်၊ အချုပ် သတ္တိရှိ သဖြင့် အမျိုးသမီးများ ဓမ္မတာ ပေါ်ချိန်တွင် လွန်ကဲစွာ မစားသုံး သင့်ပေ။ သွေးချုပ်၊ လေချုပ် ဖြစ်စေ နိုင်သည်။ ဆီးဖြူသီးကို အဖြေဓာတ် အဖြစ် အစပ်နှင့် တွဲပေး ရသည်။ ရှေးက အလှူများတွင် ဆီးဖြူသီး ဆားရည်စိမ် နှင့် ငါးပိကျော် စပ်စပ်လေး ကျွေးလေ့ ရှိသည်။ ဆီးဖြူသီးကို ပြုတ်ပြီး အစေ့ထုတ် ထားသော အသားများကို ပုစွန်ခြောက်၊ ကြက်သွန်ဖြူ အပြင် ငရုတ်သီးစိမ်း အနည်းငယ် နှင့် ညက်အောင် ထောင်းပြီး ဆီဆမ်းစား နိုင်သည်။ အသံကောင်း လိုလျှင် ဆီးဖြူသီး အစိမ်းကို ဆားနှင့် တို့စားရမည် ဟု ဆိုသည်။

ဆီးဖြူသီးနှင့် ငါးပြေမ ချက်စားသော ဓာတ်စာသည် ရှေးကဆရာများ ပေးလေ့ရှိသော ဓာတ်စာမျိုး ဖြစ်သည်။ ဆီးကျိတ်ရောဂါ၊ ဆီးသွား၍ အားမရသော ရောဂါ၊ ဆီးကျင်ရောဂါ၊ အမျိုးသမီးများ အတွက် မီးယပ်လွန် ရောဂါ၊ အညောင်းအကိုက် များသော ဒူလာပါဒရက် ရောဂါ၊ လိပ်ခေါင်းေ သွးကျ ရောဂါ၊ အာခံတွင်း ခြောက် ရေငတ်သော ရောဂါ၊ မျက်စိနာ ရောဂါ၊ ကိုယ်သား ကိုယ်ရေ ပူသော ရောဂါတို့ ပျောက်ကင်းစေ နိုင်ကြောင်း တင်ပြ လိုက်ရ ပေသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger