www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, February 8, 2015

လူ့စွမ်းအား အရင်းအမြစ်


လူ့စွမ်းအား အရင်းအမြစ်

လူ့စွမ်းအား အရင်းအမြစ်  ဟူသည် မိမိတို့၏ ကိုယ်ပိုင် အစွမ်းအစ ကိုယ်ပိုင် ကြိုးစား အားထုတ်မှုနှင့် ပင်ကိုယ် ဦးနှောက် စွမ်းရည် ဖွံ့ဖြိုးမှု အပေါ် မူတည်ပြီး တိုးတက် ဖြစ်ထွန်း လာခြင်း ဖြစ်သည်။

အသိပညာ ခေတ်တွင် လူ့စွမ်းအား အရင်းအမြစ်များ တိုးတက် ဖြစ်ထွန်း လာသည်။ ဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံသား လူ့စွမ်းအား အရင်းအမြစ် အပေါ် အဓိကထား အားပြု လာသည်။ ထို့ကြောင့် နိုင်ငံတိုင်း၊ နိုင်ငံတိုင်း လူ့စွမ်းအား အရင်းအမြစ်များ စဉ်ဆက်မပြတ် ပေါ်ထွန်းရေးကို အလေးထား ဆောင်ရွက် ပေးလျက် ရှိသည်။

လူသား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက် စေရန် ဆောင်ရွက်ရာ၌ လူငယ်လူရွယ် များမှာ အဓိက ကျသည့် အခန်းကဏ္ဍ တွင် ပါဝင် နေသည်။ လုပ်ချင် ကိုင်ချင်စိတ်၊ တီထွင်ကြံဆ ဖန်တီး လိုစိတ်များ သည် မိမိတို့၏ စိတ်သန္တာန် တွင် အစဉ် ကိန်းအောင်း နေရမည် ဖြစ်သည်။ မိမိတို့၏ အတွေးအခေါ် အယူအဆ နှင့် မိမိ အသိဉာဏ် ဖွံ့ဖြိုးရေးသည် မိမိအပေါ် တွင်သာ မူတည်သည်။ မိမိသာလျှင် လုပ်ချင် ကိုင်ချင်စိတ် ရှိပါက လူ့စွမ်းအား အရင်းအမြစ် သည် မလွဲဧကန် ဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်သည်။

ပွင့်လင်းမြင်သာ လွတ်လပ်မှု ရှိသော ယနေ့ ကာလတွင် မြန်မာလူငယ် အများစုသည် လုပ်ချင် ကိုင်ချင် တီထွင် ဖန်တီးချင်စိတ် ရှိလာကြပြီ ဖြစ်သည်။ လူငယ် လူရွယ်များ အတွက် လုပ်ကိုင်ခွင့် အခြေအနေ ကောင်းများ တိုးတက် ရရှိ လာသည်ကို တွေ့ရသဖြင့် အနာဂတ် အတွက် အားတက်ဖွယ် ဖြစ်သည်။

တိုးတက်သည့် နိုင်ငံများတွင် လူငယ်များ စတင်ပညာ သင်ကြားသည့် အရွယ်တွင် နိုင်ငံအနေ ဖြင့် လူငယ် ဖွံ့ဖြိုးရေး အတွက် အပြည့်အဝ ရင်းနှီးမြှုပ်နှံ ပေးသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကအစ ဘာသာရပ် ပေါင်းစုံကို လေ့လာ သင်ယူနိုင်ပြီး နိုင်ငံအတွင်း၌ သာမက နိုင်ငံတကာ အဖွဲ့အစည်း များနှင့် ဆက်သွယ်၍ ပြိုင်ပွဲများ၊ လေ့လာမှုများ၊ ပူးပေါင်း ဆောင်ရွက်မှုများ ဆောင်ရွက် လေ့ ရှိသည်။

လူငယ်လူရွယ် များသည် အနာဂတ် ကာလတွင် တိုင်းပြည်၏ တာဝန်ကို ရယူကြရမည့် ခေါင်းဆောင် ကောင်းများ ဖြစ်ကြရမည် ဖြစ်၍ ယနေ့  လူငယ်လူရွယ် များကို အဆင့်အတန်း မီသော၊ အရည်အသွေး မြင့်မားသော၊ ဘက်စုံ ထူးချွန်သော၊ လူ့စွမ်းအား အရင်းအမြစ် ကောင်းများ ဖြစ်အောင် ယနေ့အချိန် ကာလမှစ၍ လေ့ကျင့် ပျိုးထောင် မြေတောင် မြှောက်ပေး ကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ လူငယ်လူရွယ် တို့အနေဖြင့် အရည်အသွေး မြင့်မားသော ဘဝများကို ပိုင်ဆိုင်နိုင်ရန် ဖြစ်ပေါ် နေသော အခြေအနေ ကောင်းများကို ထိထိမိမိ အသုံးချတတ် ရမည်ဖြစ်သည်။ မိမိ အတွေးအခေါ် အယူအဆနှင့် မိမိ အသိဉာဏ် မြင့်မားရေးသည် မိမိအပေါ် တွင်သာ အဓိက ကျသဖြင့် လူတိုင်းနှင့် သက်ဆိုင်သော အရည်အသွေး မြင့်မားသည့် လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်လာစေရန် တစ်နေ့ထက် တစ်နေ့ တိုးတက် ကြိုးပမ်း အားထုတ်ကြရန် တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger