www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 11, 2015

မော်ကွန်းနေ့ မှသည် နိုင်ငံတော်သစ် ဆီသို့


မော်ကွန်းနေ့ မှသည် နိုင်ငံတော်သစ် ဆီသို့

၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့သည် (၆၈) နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်ပြီး မြန်မာနိုင်ငံ ၏ သမိုင်း မော်ကွန်းဝင်နေ့ တစ်နေ့လည်း ဖြစ်သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ပြည်မနှင့် တောင်တန်း ကမ္ဘာ တည်သရွေ့လက်တွဲ မဖြုတ်စတမ်း ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲ နေထိုင်သွားရန် ပင်လုံ စာချုပ်ကို ချုပ်ဆို ခဲ့သည်။ ထို ပင်လုံ စာချုပ်ဖြင့် နယ်ချဲ့တို့၏ သွေးခွဲမှုကို မတုန်မလှုပ်၊ မကွဲမအက်၊ မကျိုးမပေါက် တစ်မျိုးသားလုံး စည်းလုံး ညီညွတ်ကြောင်း ရဲရဲတောက် ညီညွတ်ရေး စိတ်ဓာတ်ဖြင့် သက်သေပြ ခဲ့သည်။

ပင်လုံ စာချုပ်သည် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး ဟူသော ဒို့တာဝန် အရေးသုံးပါး ကို စတင် မွေးပေး လိုက်သည့် လွတ်လပ်ရေး၏ အမြုတေ ရတနာ တစ်ပါးဖြစ်သည်။ ထို့ကြောင့် ပင်လုံ စိတ်ဓာတ်သည် မြန်မာ နိုင်ငံသား တို့၏ လွတ်လပ်ရေး မွေးဖွား ရှင်သန်မှု အတွက် မမေ့နိုင်သော မမေ့အပ်သော စိတ်ဓာတ် ဖြစ်သည်။

ထိုသို့ ဗိုလ်ချုပ် အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ စတင်ပြုစု ပျိုးထောင် ပေးခဲ့သော ပင်လုံ စိတ်ဓာတ်၊ ပင်လုံ သစ္စာသည် ယနေ့ အချိန်၌ ကျောက်စိုင် ကျောက်သား သံမဏိအလား ခိုင်မာစွာ တည်ရှိနေပြီ ဖြစ်ကြောင်း တစ်ခုတည်း သော အလံတော် အောက်တွင် သွေးစည်း ညီညွတ်စွာ နေထိုင်လျက် နိုင်ငံတော်သစ် တည်ဆောက်လျက် ရှိခြင်းဖြင့် သက်သေ ပြုလျက် ရှိသည်။

ယခုအခါ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် သည် စည်းလုံး ညီညွတ်မှု အားသစ်ဖြင့် ဒီမိုကရေစီ နိုင်ငံတော် သစ်ကို ဖော်ဆောင်လျက် ရှိနေသည်။ တစ်နိုင်ငံလုံး အချိုးညီ မျှတစွာ ဖွံ့ဖြိုး တိုးတက် လာစေရန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ ဆောင်ရွက် ရာတွင် ပြည်သူ တစ်ရပ်လုံး၏ စည်းလုံး ညီညွတ်မှု အားသည် အထူး အရေးပါ လှသည်။ တစ်ဦးကောင်း၊ တစ်ယောက်ကောင်း၊ တစ်ဖွဲ့ကောင်းဖြင့် ဖော်ဆောင်၍ မရ၊ ပင်လုံ စိတ်ဓာတ်ဖြင့် ညီညွတ်မှု အားနှင့်သာ ဖော်ဆောင် နိုင်သည်။ မြန်မာ နိုင်ငံသား တို့၏ ပိုမို ကောင်းမွန်သော အနာဂတ်ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ သားတို့ ကသာ ဖော်ဆောင် နိုင်၍ ပိုမို စည်းလုံးသော ညီညွတ်မှုဖြင့် တိုင်းပြည် ပိုမိုဖွံ့ဖြိုး တိုးတက်စေရန် ကြိုးပမ်း သွားကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်သား ပြည်သူများသည် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး နှင့် အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး ဟူသော ဒို့တာဝန် အရေးသုံးပါး ကို အစဉ်အမြဲ ဦးထိပ်ထား ထိန်းသိမ်း ကာကွယ်၍ ပြည်ထောင်စု ကြီး ထာဝရ ငြိမ်းချမ်းမှု ရရှိရန် ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော် ဖော်ဆောင် နိုင်ရန် လက်တွဲပူးပေါင်း ကြိုးပမ်း သွားကြရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger