www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 3, 2015

ပြုပြင်ပြောင်းလဲ၍ တိုးတက်မှုရယူ


ပြုပြင်ပြောင်းလဲ၍ တိုးတက်မှုရယူ

နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးလောက တွင် ပြုပြင် ပြောင်းလဲမှု များသည် အရေးပါသည်။ နိုင်ငံ တစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများ တိုးတက် လာစေရန် ပြုပြင် ပြောင်းလဲရေး သမားတို့၏ ကြိုးပမ်း စွမ်းဆောင်မှု တို့သည် အရေးပါသည်။ ပြုပြင်ေ ပြာင်းလဲရေး လုပ်သည် ဆိုရာ၌ ရှိရင်းစွဲ အခြေအနေမှ တိုးတက်အောင် ဆောင်ရွက်ခြင်း ကို ဆိုလိုသည်။

မှန်ကန်သော ရည်မှန်းချက် နှင့် မူဝါဒများ ချမှတ်ပြီး အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်ခြင်းသည် ပြုပြင် ပြောင်းလဲမှု၏ အခြေခံမူ ဖြစ်သည်။ ပြုပြင် ပြောင်းလဲရေး ဟူသော စကားရပ်သည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ခေါင်းဆောင်များ နှင့်သာ သက်ဆိုင်သည့် စကားရပ် မဟုတ်ပေ။ လူတိုင်းနှင့် သက်ဆိုင်သည့် စကားရပ် ဖြစ်သည်။ လူတိုင်းလူတိုင်း လက်ရှိ အခြေအနေမှ ပို၍ပို၍ ကောင်းမွန်သော အနေအထားသို့ ရောက်ရန် ပြုပြင် ပြောင်းလဲရေးများ ပြုလုပ်ကြသည်။

လူတို့ အနေဖြင့် များသော အားဖြင့် မိမိလုပ်သမျှကို အဆိုးမြင်လေ့ နည်းပါးကြသည်။ ကိုယ်လုပ်သမျှ အရာအားလုံးကို အကောင်းချည်း ဟုသာ ထင်မှတ် တတ်ကြသည်။ လူတို့ဘဝ တိုးတက်မှုသည် ကိုယ်လုပ် သမျှ၏ ချို့ယွင်းချက်၊ အားနည်းချက် များကို မြင်အောင် ကြည့်၍ အမှန်ပြင်နိုင်မှု အပေါ်တွင် မူတည်နေသည်။ ထိုသို့ လူတစ်ဦးချင်း စီမှသည် ပတ်ဝန်းကျင် အသိုင်းအဝိုင်း၊ နိုင်ငံ၊ ကမ္ဘာအထိ ပြုပြင် ပြောင်းလဲရေး နယ်ပယ် ကျယ်ဝန်းလာပြီး တိုးတက်မှုတို့ ဖြစ်ပေါ် လာရသည်။

ပြုပြင် ပြောင်းလဲရေး၏ ရည်မှန်းချက် များသည် မြားပစ်သကဲ့သို့ မဖြောင့်ဖြူး တတ်ပေ။ အဖုအထစ်၊ အကွေ့အကောက်၊ အနှောင့်အယှက်၊ အဟန့်အတား များစွာကို ရင်ဆိုင် ကျော်လွှား နိုင်အောင် စီမံတတ်မှ အခက်အခဲကို ကျော်လွှား၍ အောင်မြင်မှုကို ရယူနိုင်သည်။ ထို့ကြောင့် ပြုပြင် ပြောင်းလဲရေး အလုပ်သည် သတိလက်လွတ် နေ၍ လုပ်ရသော အလုပ်မဟုတ်ဟု ဆိုရပေမည်။

ပတ်ဝန်းကျင် အခြေအနေကို အမြဲမပြတ် အကဲခတ်၍ ပြုပြင် ပြောင်းလဲရေး အလုပ်များကို အချိန်နှင့် တစ်ပြေးညီ လုပ်ကိုင်သွားကြ ရသည်။ ထိုသို့ မဟုတ်ပါက ပြုပြင် ပြေင်းလဲရေး အောင်မြင် မည် မဟုတ်ပေ။ လူတိုင်း အနေဖြင့် တစ်ဦးချင်းစီ မိမိတို့၏ ယခင်က စီးပွားရေး၊ လူမှုရေး အလုပ် များ၏ အခြေအနေ၊ ယခုလက်ရှိ အခြေအနေတို့ကို လေ့လာ၍ ပတ်ဝန်းကျင် နှင့် လိုက်လျော ညီစွာ တိုးတက်စေရန် ပြုပြင် ပြောင်းလဲရေး လုပ်ဆောင် နိုင်သည်။ ထိုသို့လုပ်၍ ရှိရင်းစွဲ အခြေခံပေါ် မူတည်ကာ တိုးတက်မှုကို ရယူနိုင်သည်။

သို့ဖြစ်ရာ တိုင်းရင်းသား ပြည်သူများ အနေဖြင့် တစ်ဦးချင်းစီ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် စေရန် မိမိတို့၏ လက်ရှိ အခြေအနေ များပေါ် မူတည်၍ ရည်မှန်းချက် ထားကာ ပြုပြင် ပြောင်းလဲမှုများ ကို ဆင်ခြင် ဆုံးဖြတ်၍ အကောင် အထည်ဖော် ဆောင်ရွက်သွား ကြရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger