www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 19, 2015

သွေးတိုးနှင့် ကိုယ်ဝန်ဆိပ်တက်သည့် ရောဂါ



သွေးတိုးနှင့် ကိုယ်ဝန်ဆိပ်တက်သည့် ရောဂါ

ဒေါက်တာလွင်သန့် (ဆေး-၂)

သွေးတိုးရောဂါ ဆိုသည်မှာ အပေါ်သွေး ဖိအား ၁၄ဝ နှင့်အထက်၊ အောက်သွေး ဖိအား ၉ဝ နှင့် အထက်ရှိသော သွေးဖိအား အခြေအနေကို ခေါ်သည်။ သွေးတိုးရောဂါ သည် နှလုံး၊ ကျောက်ကပ် စသည့်ရောဂါ တို့နှင့်လည်း ဆက်နွှယ် နေသည်။

နှလုံးသွေးတိုး၏ အမြင့်ဆုံး သွေးပေါင်ချိန် မှာ အောက်သွေး ဖိအား ၉ဝ ကျော်ပါက နှလုံးကြွက်သား ညှစ်ရမှု ပိုမိုဖြစ်လာ စေသည်။ သို့သော် တစ်ကြိမ်တစ်ခါ တက်တိုင်း သွေးတိုး မဟုတ်ပါ။ သွေးတိုး ရောဂါသည် သွေးခုန်နှုန်း ပုံမှန် မဟုတ်ဘဲ မြန်ခြင်း၊ မူမမှန်ခြင်း၊ နှေးခြင်းတို့ ဖြစ်စေနိုင်သည်။ စိတ်ချမ်းသာ နေလျှင် သွေးတိုးမရှိဟု မဆိုနိုင်ဘဲ သုံးရက် ဆက်တိုက် သွေးပေါင်ချိန် တိုင်း၍ သတ်မှတ် ပမာဏထက် မြင့်နေလျှင် နှလုံးသွေးတိုး ရောဂါဟု သတ်မှတ် နိုင်သည်။

အချို့ အမျိုးသမီး များသည် ကိုယ်ဝန် ဆောင်စဉ် သွေးတက်ပြီး ကိုယ်ခန္ဓာ ဖောရောင်၍ ဆီးထဲတွင် ပရိုတိန်း ခေါ် အသားဓာတ်များ ပါလာသည်။ ယင်းကို ကိုယ်ဝန်ဆိပ် တက်ခြင်း ဟုခေါ်သည်။ ကိုယ်ဝန်ဆောင် ကာလ ငါးလ နောက်ပိုင်း အဖြစ်များသည်။ ထို့ကြောင့် ကိုယ်ဝန်ငါးလ မတိုင်မီ သွေးတိုးရောဂါ ရှိလျှင် စနစ်တကျ ကုသသင့်ပြီး ကလေးမွေးဖွား ပြီးလျှင် ကိုယ်ဝန်ဆိပ် တက်ခြင်းသည် အလိုအလျောက် ပျောက်တတ်သည်။ ယင်း ကိုယ်ဝန်သည် သွေးဆိပ် တက်ခြင်းကြောင့် နှလုံးကို မထိခိုက်ပါ။ သွေးတိုး ရောဂါသည် အသက် ၄ဝ နောက်ပိုင်း အထူးသဖြင့် အသက် ၄၅ နှစ် နှင့် ၆၅ နှစ်အကြား အများဆုံး ဖြစ်သည်။

သွေးတိုး ရောဂါသည် မျိုးရိုးကြောင့် လည်း ဖြစ်နိုင်သည်။ မိဘနှစ်ပါးက သွေးတိုး လေဖြတ်ပြီး သေဆုံးလျှင် သားသမီးမှာ သွေးတိုးရောဂါ နှင့် သေဆုံးရန် များသည်။ အမြွှာကလေး များသည် တစ်ဦးတွင် သွေးတိုး ရှိလျှင် ကျန်အမြွှာ တွင်လည်း ရှိတတ်သည်။

လူတို့ အသက်ကြီး လာသည်နှင့် အမျှ သွေးဖိအား မြင့်တက်ရာတွင် အတက်နှုန်းသည် တစ်ဦးနှင့် တစ်ဦး မတူနိုင်ပါ။ ဝလွန်းသူများ ကိုယ်လက် လှုပ်ရှားမှု နည်းသူများ၊ မိဘနှစ်ပါး သွေးတိုး ရှိသူများမှာ သွေးဖိအား မြင့်တက် တတ်သည်။ အငန်၊ အချိုမှုန့် အစားများလျှင် သွေးလေးပြီး သွေးတက်သည်။

ကျောက်ကပ်ရောဂါ အမျိုးမျိုး ရှိသည့် အနက် ကျောက်ကပ်ရောင် ရောဂါ၊ ကျောက်ကပ် ကျောက်တည် ရောဂါ၊ ဆီးချိုရောဂါ ကြောင့် ဖြစ်သော ကျောက်ကပ် အားနည်းရောဂါ မှ ကျောက်ကပ်ပျက်စီး ရောဂါ၊ ကလေးသူငယ်များ ကျောက်ကပ်ရောင် ရောဂါ၊ သွေးတိုးကြောင့် ဖြစ်သော ကျောက်ကပ် ထိခိုက်ခြင်း ရောဂါတို့ ဖြစ်သည်။

ကျောက်ကပ်မှ စွန့်ထုတ်သော အငန် ဓာတ်ထက် ပိုပြီး စားသုံးမိလျှင် သွေးထဲ အငန်ဓာတ် အောင်းနေပြီး ကိုယ်အလေးချိန် တက်ခြင်း၊ ကိုယ်ခန္ဓာ ဖောရောင်ခြင်း၊ နှလုံး အားနည်းခြင်း၊ ဆီးနည်းခြင်း ဖြစ်လာသည်။ သွေးတိုးသည် ဦးနှောက်ထဲမှ သွေးကြော ငယ်များ ထိခိုက်သဖြင့် လေသင်တုန်း ဖြတ်ခြင်း ဖြစ်စေသည်။ ဇက်ကြောတက်၊ ခေါင်းကိုက်၊ ခေါင်းမူးမှ အစ သွက်ချာပါဒ လိုက်ပြီး ဦးနှောက်ထဲ သွေးလည်ပတ်မှု ချို့ယွင်းကာ သွက်ချာပါဒ ဖြစ်စေသည်။ သွေးတိုးလျှင် မျက်စိ ထိခိုက်ပြီး သက်ကြီး မျက်စိမှုန်ခြင်း၊ တိမ်စွဲရောဂါ နှင့် ကိုယ်တစ်ခြမ်း သေခြင်း၊ စကားမပီခြင်း နှင့် ဦးနှောက် ပျက်ခြင်း တို့ ဖြစ်စေသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger