www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 20, 2015

ကမ္ဘာ့ပျား အကောင်ရေ လျော့နည်းသွားခြင်းမှာ ရောဂါ သယ်ဆောင်လာသော မွေးမြူရေး ပျားများကြောင့်ဖြစ်





လန်ဒန် ၊ ၂၀-၁-၂၀၁၅

ကမ္ဘာပေါ်တွင် ပျားမွေးမြူရေး လုပ်ငန်း တွင်ကျယ်လာပြီး ပျားရည် ရရှိရန်၊ ဝတ်မှုန်ကူးရန် အစရှိသည် တို့တွင် မွေးမြူရေး ပျားများကို အသုံးပြုလာရာ ၄င်းတို့ သယ်ဆောင် လာသော ရောဂါများကြောင့် ဝတ်မှုန် ကူးပေးသော သဘာဝပျား ရိုင်းနှင့် အခြား အင်းဆက်များ အစုလိုက် အပြုံလိုက် သေကျေ ပျက်စီးကာ ပျောက်ကွယ်လု နီးပါး ဖြစ်နေကြောင်း သိပ္ပံပညာရှင် များက ဆိုသည်။

''မွေးမြူရေး ပျားတွေကို လှောင်ပိတ် ထားတဲ့ အခါမျိုးမှာ ရောဂါပိုးမွှားတွေ စွဲကပ်သွားလေ့ ရှိပါတယ်။ ဒီ မွေးမြူရေး ပျားတွေကို လွှတ်ပေး လိုက်တဲ့အခါ သူတို့ သယ်ဆောင် လာတဲ့ ရောဂါပိုးတွေက အခြား ပျားရိုင်းနဲ့ အင်းဆက် တွေကိုပါ ကူးစက်သွားပြီး မွေးမြူရေးပျား တွေက ခံနိုင်ရည် ရှိပေမယ့် ပျားရိုင်းနဲ့ အခြား လူသားအကျိုးပြု အင်းဆက်တွေက သေကျေကုန် ကြတာ ဖြစ်ပါတယ် ..' ဟု အက်ဇီတာ တက္ကသိုလ်မှ သုတေသန အဖွဲ့က ပြောပြသည်။

မွေးမြူရေး ပျားများသည် ကပ်ပါးပိုးနှင့် အတူ ဗိုင်းရပ်စ် အမျိုးပေါင်း ၂ဝ ထက်မနည်း ကူးစက်ခံရ နိုင်ပြီး ၄င်းတို့မှ တစ်ဆင့် ပျားပိတုန်း၊ နကျယ်ကောင်၊ ပုရွက်ဆိတ် နှင့် ယင်ကောင် တို့ကို ကူးစက်နိုင်ကာ ထပ်ဆင့် ကူးစက်ခြင်းဖြင့် မွေးမြူရေးပျား များသည် သဘာဝ တောရိုင်း ထဲသို့ ရောဂါဖြန့် ပေးသည့် ကိုယ်စားလှယ် ဖြစ်လာကြောင်း သုတေသီ များက ဆိုသည်။

''ရောဂါပိုး ကူးစက်ခံထား ရတဲ့ မွေးမြူရေးပျား တွေကို သဘာဝ တောတွေထဲ မလွှတ်မိအောင် ထိန်းချုပ်နိုင်ဖို့ အရေးကြီး ပါတယ်။ သူတို့ကနေ ရောဂါပိုး ကူးစက်သွားရင် အတောမသတ် နိုင်တဲ့ ဝတ်မှုန်ကူး အင်းဆက် သေကျေ ပျက်စီးမှု ဖြစ်လာနိုင်ပြီး မျိုးပါ သုဉ်းသွား နိုင်ပါတယ်။ ဒီ အဖြစ်ဆိုးကြီးကို တားဆီး ချင်တယ်ဆိုရင် မွေးမြူရေးပျား သေတ္တာ တံခါးကို ပိတ်ထားရုံပဲ ဖြစ်ပါတယ်။ သဘာဝ ပျားရိုင်းတွေကို ရောဂါမကူးစက် စေဖို့ ပျားမွေးမြူ  သူတွေမှာ တာဝန်ရှိ ပါတယ် .. '' ဟု သုတေသီ တစ်ဦးက ပြောပြသည်။

မွေးမြူရေး ပျားများတွင် Varroa ကပ်ပါးပိုးကောင် တွယ်ကပ် နေနိုင်ပြီး အတောင်ပံ ဖွဲ့စည်းပုံ မူမမှန် ဖြစ်စေသည့် ဗိုင်းရပ်စ် ကူးစက်မှုလည်း ခံရနိုင်ကြောင်း၊ ဤ မွေးမြူရေးပျား များကို သဘာဝ တောရိုင်းထဲ လွှတ်ပေး လိုက်ခြင်းဖြင့် ပျားရိုင်းများကို ယင်း ရောဂါပိုးများ ကူးစက်သွားသည် ဖြစ်ရာ အစုလိုက် အပြုံလိုက် သေကျေပျက်စီး ကုန်သောကြောင့် ယခုအခါ အင်္ဂလန် နှင့် ဝေလနိုင်ငံ တို့တွင် ပျားရိုင်းများမှာ လုံးဝနီးပါး ပျောက်ကွယ် သွားပြီ ဖြစ်သည်။

''မွေးမြူရေးပျား တွေကို ပျားရည် ရရှိဖို့နဲ့ ဝတ်မှုန်ကူးဖို့ အတွက် အဓိက မွေးမြူကြတယ် ဆိုပေမယ့် သူတို့ကိုယ်၌ မှာ ရောဂါတွေ စွဲကပ် နေတဲ့အတွက် ပျားရိုင်းတွေကို သေကျေပျက်စီး စေပါတယ်။ ၂ဝ၁၄ ခုနှစ် မှာ အုတ်အော် သောင်းနင်း ဖြစ်ခဲ့ရတဲ့ ပျားရိုင်းမျိုးသုဉ်း ပျောက်ကွယ်မှုဟာ တကယ်တော့ မွေးမြူရေးပျား တွေကြောင့် ဖြစ်ပေါ်လာတယ် ဆိုတဲ့ အထောက်အထား တွေ ရရှိနေပါပြီ။ ပျားမွေးမြူရေး လုပ်ငန်းကို ဆက်လက် လုပ်ကိုင်မယ် ဆိုရင် သက်ဆိုင်ရာ အစိုးရအဖွဲ့ အနေနဲ့ အရေးကြီးတဲ့ မူဝါဒတွေ ချမှတ်ဖို့ လိုအပ် ပါတယ် .. '' ဟု သုတေသီ များက အကြံပြု ဆွေးနွေး ထားကြောင်း သိရသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger