www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 14, 2015

မန္တလေးမြို့ရှိ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ ကျန်ရှိနေသော်လည်း စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရ



မန္တလေး ၊ ၁၄-၁-၂၀၁၅

မန္တလေးမြို့ရှိ ယဉ်ကျေးမှု အမွေအနှစ်များ အနက် ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် များစွာ အထင်အရှား ကျန်ရှိနေသေး သော်လည်း မှေးမှိန် ပျောက်ကွယ် နိုင်သည့် စိန်ခေါ်မှုများ နှင့် ရင်ဆိုင် နေရကြောင်း ရှေးဟောင်း သုတေသန ယဉ်ကျေးမှု ဆိုင်ရာ စာတမ်းများအရ သိရသည်။

ယဉ်ကျေးမှု အမွေအနှစ်တွင် ဒြပ်ရှိ အမွေအနှစ်များ၊ ဒြပ်မဲ့ အမွေအနှစ်များ အပြင် သဘာဝ အမွေအနှစ် များလည်း တွဲလျက် တည်ရှိပြီး ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ် စောင့်ရှောက်ရေး ကွန်ဗင်းရှင်း အရ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် ဆိုသည်မှာ ရိုးရာ အစဉ်အလာ ဓလေ့များ၊ ဖော်ပြ ချက်များ၊ အသိပညာ ဗဟုသုတများ၊ အတတ်ပညာ ဆိုင်ရာ ကျွမ်းကျင်မှုများ၊ ယဉ်ကျေးမှု အမွေအနှစ် အဖြစ် သတ်မှတ် ထားသည့် ကိရိယာ တန်ဆာများ၊ အရာဝတ္ထု ပစ္စည်းများ၊ ရှေးဟောင်း ပစ္စည်းများ အုပ်စုလိုက် သော်လည်းကောင်း၊ အဖွဲ့အစည်း လိုက်သော် လည်းကောင်း တစ်ဦး တစ်ယောက် ချင်းနှင့် ဆက်နွှယ် ပတ်သက်သော ယဉ်ကျေးမှု ဆိုင်ရာ နေရာဒေသများ စသည်တို့ ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့၏ ဒြပ်မဲ့ ယဉ်ကျေးမှု တွင် မြို့မ တူရိယာအသင်း၊ မြန်မာ့သနပ်ခါး၊ ပြောင်းဖူး ဖက်ဆေးလိပ် လုပ်ငန်း၊ ပန်းဆယ်မျိုး အတတ်ပညာ များ၊ လွန်းရာကျော် ကြိုးကြီးချိတ် ရက်လုပ်ခြင်း လုပ်ငန်း၊ မြန်မာ့ရိုးရာ ဇာတာ လုပ်ငန်း၊ မန္တလေး သားရေဖိနပ် လုပ်ငန်း၊ ရွှေမိုက်ထုတ် လုပ်ငန်း၊ တံမြက်စည်း လုပ်ငန်း၊ ယွန်းထည် လုပ်ငန်း၊ မြန်မာ့ သားရေ တူရိယာ ဗုံလုပ်ငန်း၊ ရွှေပွားစက္ကူ လုပ်ငန်း၊ ရွှေချည်ထိုး လုပ်ငန်း၊ မြန်မာ့ တိုင်းရင်းဆေး၊အိမ်တော်ရာထီး၊ ရုပ်သေးလုပ်ငန်း၊ သပိတ်လုပ်ငန်း၊ သံထီးလုပ်ငန်း အစရှိသည့် ကုန်ထုတ် လုပ်ငန်းများ ပါဝင်ပြီး အများစုမှာ အောင်မြင်စွာ ရပ်တည် နိုင်သော်လည်း အခြေအနေ ယိမ်းယိုင် နေသည့် လုပ်ငန်းများလည်း ပါဝင်ကြောင်း သိရသည်။

ထို့ပြင် ဒြပ်မဲ့ ယဉ်ကျေးမှုတွင် တစ်ခုဖြစ်သော အမွေအနှစ် ရိုးရာပွဲတော် များလည်း များစွာ ကျန်ရှိပြီး မန္တလေးမြို့ရှိ ထင်ရှားသော ပွဲတော် ၁၃ ခုအနက် တောင်ပြုန်း ပွဲတော်၊ ရွှေစာရံ ပွဲတော်၊ အိုးပုတ် ပွဲတော်၊ လှေဦးတိုက် ပွဲတော်၊ ရှင်မာလဲ ဘုရားပွဲ၊ ရတနာ့ဂူ ဘုရားပွဲ၊ ပန်းမွေ့ရာ ဝါခင်းကုန်း ဘုရားပွဲတော် တို့မှာ မြန်မာနိုင်ငံ တစ်နံတစ်လျား ကျော်ကြားသော ပွဲတော်များ ဖြစ်သည်။

ဒြပ်မဲ့ ယဉ်ကျေးမှု၏ အထိမ်းအမှတ် ဖြစ်သော စားသောက်ကုန် လုပ်ငန်းများလည်း မန္တလေးမြို့ တွင် ယနေ့ထက်တိုင် တည်ရှိနေပြီး မြို့ဂုဏ်ဆောင် အစားအသောက် များ အဖြစ် ရပ်တည် နေသေးကြောင်း သိရသည်။

မုန့်စိမ်းပေါင်း၊ ပဲလှော်၊ မုန့်တီ၊ ပုန်းရည်ကြီး၊ ပဲစိမ်းလှော်၊ မုန့်လင်မယား၊ မုန့်ပေါင်း၊ ကြိတ်မုန့်၊ ထိုးမုန့်၊ လမုန့်၊ ထမနဲနှင့် မုန့်လက်ဆောင်း၊ ထန်းလျက်၊ စနုံထုပ်၊ မြီးရှေ နှင့် သစ်သီးယို လုပ်ငန်းတို့ သည်လည်း အမှတ်တရ လက်ဆောင် အဖြစ် သော်လည်းကောင်း၊ ဘုရားပွဲ ဈေးတန်း သရေစာ အဖြစ်သော် လည်းကောင်း ယနေ့ထက်တိုင် မြင်နေ တွေ့နေရဆဲ ဖြစ်သည်။

သို့သော် ၄င်းဒြပ်မဲ့ ယဉ်ကျေးမှု များသည် Globalization ကြောင့် အချိန်နှင့် တစ်ပြေးညီ ရောက်ရှိလာသော ယဉ်ကျေးမှုများ၊ ဝတ်စား ဆင်ယင်မှုများ ကြောင့် ရိုသေ လေးစားမှု လျော့နည်းလာခြင်း၊ ဝတ်စား ဆင်ယင် ထုံးဖွဲ့မှု မယဉ်ကျေးခြင်း၊ အညှီ အဟောက် စာပေများ ရေးသား ပုံနှိပ်ခြင်း၊ အညှီအဟောက် ဗီဒီယိုများ ရောက်ရှိလာခြင်း၊ Life Style ပြောင်းလဲ လာခြင်း၊ အရှက်အကြောက် ကင်းမဲ့ခြင်း၊ အနုသုခုမ ဆိုင်ရာများ ပြောင်းလဲခြင်း နှင့် ကျင့်ဝတ်သိက္ခာ များ မထိန်းသိမ်းခြင်း တို့ကြောင့် ယဉ်ကျေးမှုများ ပြောင်းလဲ လာရကြောင်း ယဉ်ကျေးမှုကို ကာကွယ် ထိန်းသိမ်း စောင့်ရှောက်သည့် မြို့ပြ ဖွံ့ဖြိုးမှု ထိန်းသိမ်းရေး စီမံခန့်ခွဲမှု စာတမ်းအရ သိရသည်။

ဒြပ်မဲ့ ယဉ်ကျေးမှု များကို ထိန်းသိမ်းရာတွင် ရိုးရာအဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများ ကျင်းပခြင်း၊ ယဉ်ကျေးမှု ပဒေသာကပွဲများ ကျင်းပခြင်း၊ ရိုးရာ ဝတ်စားဆင်ယင် ထုံးဖွဲ့မှု ပြိုင်ပွဲများ ကျင်းပခြင်း၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းများ ဖွင့်လှစ်၍ ထိန်းသိမ်းခြင်း စသည်ဖြင့် ပြုလုပ်လျက် ရှိကြောင်း သိရသည်။(၁၇၂)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger