www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 15, 2015

ကင်ဆာအဖြစ်များဆုံး လူ့ခန္ဓာကိုယ် အစိတ်အပိုင်း ၁ဝ ခုတွင် ခံတွင်းကင်ဆာ ပါဝင်





ရန်ကုန် ၊ ၁၅-၁-၂ဝ၁၅

ကင်ဆာရောဂါ စစ်တမ်းများ အရ ကင်ဆာ အဖြစ်များသော ခန္ဓာကိုယ် အစိတ်အပိုင်း ၁ဝ ခုတွင် ခံတွင်းကင်ဆာ ပါဝင်ပြီး ဖြစ်ပွားမှု အများဆုံးမှာ အမျိုးသားများ ဖြစ်ကြောင်း သိရသည်။

ခံတွင်းကင်ဆာ ဖြစ်နိုင်သော အကြောင်းအရာ များအနက် ကွမ်းစားခြင်း၊ ဆေးလိပ် သောက်ခြင်း၊ အရက်သောက်ခြင်း စသည့် အလေ့အထ များကြောင့် အများဆုံး ဖြစ်တတ်ပြီး ရောဂါဖြစ်၊ မဖြစ် သိနိုင်သည့် အချက်များမှာ သံသယ အနေအထား များဖြင့်သာ သတ်မှတ် နိုင်သည်။

အတိအကျ သိလိုပါက အနာ ဖြစ်ပွားနေသော နေရာမှ အသားစကို ရယူ၍ စစ်ဆေးခြင်းဖြင့် သိနိုင်ကာ ခံတွင်းကင်ဆာ ဖြစ်စေနိုင်သော အခြား အကြောင်းအရာ များမှာ ချွန်ထက်သော သွား၊ သွားတု၊ သွားအစွပ် များနှင့် ကြာမြင့်စွာ ပွတ်တိုက်မိခြင်း၊ အလွန် စပ်လွန်း၊ ပူလွန်းသော အစာများကို ရေရှည်စားလေ့ ရှိခြင်း၊ နေရောင်ခြည် နှင့် တိုက်ရိုက် ကြာရှည်စွာ ထိတွေ့မိခြင်း၊ ရောဂါပိုး ကူးစက်ခံရခြင်း ၊ ( Syphilis ၊ EPV ၊ HPV) ၊ အာဟာရ ချို့တဲ့ခြင်း ၊ (Iron ၊ Folic Acid ၊ Vitamin B12 Deficiency) ဓာတ်တိုး ဆန့်ကျင်ပစ္စည်း ( Antioxidant ) များ ရေရှည် မစားသုံးခြင်း စသည် တို့ကြောင့် ရောဂါဖြစ်ပွား နိုင်သည်။

အမျိုးသား များတွင် အများဆုံး အဖြစ်များပြီး ကင်ဆာလူနာ များ၏ အသက်ကို နှိုင်းယှဉ်ကြည့် ရာတွင် အသက် ၄ဝ နှစ်နှင့် အထက်မှာ အသက် ၄ဝ အောက်ထက် လေးဆ ပိုများသည်။ ကင်ဆာ အဖြစ်များဆုံး နေရာများမှာ ပါးစောင်၊ သွားဖုံး၊ လျှာ နှင့် လျှာအောက်ပိုင်း နေရာများ ဖြစ်၍ ယင်းနေရာ များမှာ ကွမ်းငုံ ထားသောအခါ တွင် ကွမ်းနှင့် ထိတွေ့မှု အများဆုံး နေရာ၌ ဖြစ်ကြသည်။ ကွမ်းထဲတွင် ထည့်သော ထုံး၊ ကွမ်းသီး၊ ဆေးရွက်ကြီး နှင့် အခြား ဖြည့်စွက်သည့် ဆေးမျိုးစုံကို ရေရှည် စားသုံးပါက ခံတွင်း ကျန်းမာရေး ကို ဆိုးရွားစွာ ထိခိုက် စေနိုင်သည်။

ခံတွင်းကင်ဆာ အဖြစ် သံသယ ဖြစ်ဖွယ်များမှာ ခံတွင်းမှ အနာများ ဖြစ်သော အနီ၊ အဖြူရောင် အကွက်များ ကုသမှုခံယူပြီး သော်လည်း နှစ်ပတ်ကြာသည့် တိုင်အောင် မပျောက်ဘဲ ရှိနေသော အနာများ၊ လျင်မြန်စွာ ကြီးလာသော အနာများ၊ ထိရုံနှင့် သွေးထွက် လွယ်သော အနာများ၊ ကိုင်ကြည့်လျှင် ဘေးဘက် အောက်ခြေတို့ နှင့်တွဲ၍ ဖြစ်နေသော၊ မာနေသော အနာများ ဖြစ်ပြီး ရောဂါကုသ ရာတွင် ခွဲစိတ်ခြင်း၊ ဓာတ်ကင်ခြင်း ၊ ကင်ဆာဆေးသွင်း ကုသခြင်း တို့ကို ခွဲစိတ်ဆရာဝန်ကြီး၊ ကင်ဆာရောဂါ အထူးကု ဆရာဝန်ကြီး များနှင့် တိုင်ပင်၍ လူနာ တစ်ဦးချင်းစီ အတွက် ဆုံးဖြတ်မှုများ ပြုလုပ်၍ ခံတွင်း ကင်ဆာအနာကို အရွယ်အစား ငယ်စဉ် စောစီးစွာ သိရှိပါက ခွဲစိတ် ကုသမှု ရယူပြီး ရောဂါ ပျောက်ကင်းမှု ရှိ၊ မရှိ သိနိုင်မည် ဖြစ်ကြောင်း သိရသည်။

မိုးအောင်

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger