www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, January 3, 2015

ဧရာဝတီမြစ်ရေ ကျဆင်းလာ၍ ရေစူး တိမ်လာသဖြင့် မောင်းနှင်သွားလာနေသော ရေယာဉ်များ သတိပြုရန်လိုအပ်


ဧရာဝတီမြစ်ကြောင်း တစ်နေရာ

ရန်ကုန် ၊ ၃-၁-၂၀၁၅

ဧရာဝတီမြစ် အတွင်း မြစ်ရေ ကျဆင်းလာ၍ ရေစူး တိမ်လာသဖြင့် မောင်းနှင် သွားလာနေသော ရေယာဉ်များ အနေဖြင့် သတိပြု သွားလာရန် လိုအပ်ကြောင်း မော်တော်ဆလင် များ၏ ပြောကြားချက် အရ သိရသည်။

ထိုကဲ့သို့ ဧရာဝတီမြစ်ရေ ကျဆင်းမှု များကြောင့် မြစ်ဝကျွန်းပေါ် ဒေသနှင့် ပခုက္ကူမြို့ အကြား နေရာ အချို့တွင် အနက်ဆုံး ရေစူးမှာ လေးတောင်ခန့်သာ ရှိသဖြင့် မော်တော်များ အနေဖြင့် ကုန်ချိန် လျှော့ချ မောင်းနှင်သွားလာ နေရကြောင်း သိရသည်။ အလားတူ ပခုက္ကူ ဆိပ်ကမ်း၌လည်း မြစ်ရေ နည်းပါး လာခြင်းကြောင့် မော်တော်များ၊ ရေယာဉ်များ ရပ်နားရန် အခက်အခဲများ ဖြစ်ပေါ် နေကြောင်း သိရသည်။ ထို့ကြောင့် ပုံမှန် သွားလာနေသော ရေယာဉ်များအနေဖြင့် ရေယာဉ် တိမ်းမှောက်မှုနှင့် နစ်မြုပ်မှုများ ဖြစ်ပေါ် နိုင်သောကြောင့် သတိပြု သွားလာရန် လိုအပ်ကြောင်း သိရသည်။ 

ပခုက္ကူ ဆိပ်ကမ်းတွင် ရေစူး တိမ်ခြင်းကြောင့် မော်တော်များ ထပ်၍ ရပ်နားရသည့် အတွက် အလုပ်သမား များမှာ ကုန်စည်များ အတင်အချ ပြုလုပ်ရာတွင် မော်တော်နှစ်စင်း မှ သုံးစင်းအထိကျော်၍ ကုန်တင် ကုန်ချ ပြုလုပ် နေရကြောင်း သိရသည်။ ဧရာဝတီ မြစ်ကြောင်း အတွင်း ယခင်လများ အတွင်းက သစ်ငုတ်များ၊ ကျောက်ဆောင်များ မတွေ့ရသော်လည်း ယခုအခါ အများအပြား ပေါ်လာသဖြင့် စက်လှေငယ်များ အနေဖြင့် ရှောင်တိမ်း သွားလာ နိုင်သော်လည်း ရေယာဉ်ကြီးများ အနေဖြင့် သတိထား မောင်းနှင် နေရကြောင်း သိရသည်။

ထိုသို့ ရေကြောင်း အခက်အခဲများ ရှိလာသဖြင့် ကုန်ချိန်လျှော့ချ တင်ဆောင် နေရခြင်းကြောင့် သယ်ယူစရိတ်မှာ လျော့နည်း ရရှိသည့် အပြင် စက်လှေငယ် များဖြင့် ရေလမ်းကြောင်း ရှာဖွေရသည့် အတွက် ကုန်ကျစရိတ် မြင့်တက် လာကြောင်း သိရသည်။

မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများမှ ဆန်၊ ဆား၊ ဘိလပ်မြေ နှင့် စားသုံးဆီများကို အထက်ပိုင်း ဒေသများသို့ တင်ပို့ရာတွင် လည်းကောင်း၊ အထက်ပိုင်း ဒေသများမှ ပဲအမျိုးမျိုး နှင့် ထန်းလျက်များ ပြည်လည် တင်ပို့ရာတွင် လည်းကောင်း ကုန်သည်များ အနေဖြင့် သယ်ယူစရိတ် သက်သာသည့် ဧရာဝတီ မြစ်ကြောင်း ဖြင့်သာ အဓိက အသုံးပြုလျက် ရှိကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger