www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, January 11, 2015

ကျောင်းတစ်ကျောင်း ၏ ကောင်းသုံးကောင်း


ကျောင်းတစ်ကျောင်း ၏ ကောင်းသုံးကောင်း

မိဘ၊ ဆရာ၊ ကျောင်းသား ဟူသည် အခြေခံပညာ ၏ အမာခံ ထောက်တိုင် သုံးခုဖြစ်သည်။ တစ်နည်းအားဖြင့် အပေးအယူ မျှတစွာ နွေးထွေးမှု အတိဖြင့် အခြေခံပညာ ၏ သုံးနားညီ ပညာရေး ဟု ခေါ်ဆိုရမည် ဖြစ်သည်။

ဤ ဆက်နွှယ် အဝန်းအဝိုင်း တွင် မိဘဟူသည် အပြင်စည်းမှ ကူညီပံ့ပိုး ပေးသူများ ဖြစ်ပြီး ဆရာ၊ ဆရာမများက အတွင်းစည်းမှ နေ၍ ပေါင်းစည်း ညီညာ အားဖြည့်ပေး သောအခါ ''မိဘဆရာ ပူးပေါင်း သားသမီး ပညာကောင်း'' ဟုဆိုသည်နှင့် အညီ လူတော် လူကောင်း တပည့်ပေါင်း မြောက်မြား စွာကို ပြုစုပျိုးထောင် လူလားမြောက် စေနိုင် ခဲ့သည်။ ဤသည်မှာ အခြေခံပညာ ၏ ကောင်းသုံးကောင်း ဖြစ်သည်။

ထိုနည်းတူ အခြေခံပညာ ကျောင်းတိုင်း တွင်လည်း ကောင်းသုံးကောင်း ရှိနေရန် လိုအပ်သည်။ ၄င်းတို့မှာ ကျောင်း စာကြည့်တိုက်၊ ကျောင်း မုန့်ဈေးတန်း နှင့် ကျောင်း အိမ်သာများ ကောင်းရန် တို့သည် ကျောင်းတစ်ကျောင်း ၏ ကောင်းသုံးကောင်း ဖြစ်သည်။

ကလေးငယ် များကို စာဖတ်ခြင်း အလေ့အကျင့် ကောင်းများကို အစပျိုး မျိုးစေ့ချ ပေးရာ နေရာမှာ အခြေခံပညာ ကျောင်းများ ဖြစ်သည်။ ထို့ကြောင့် စာကြည့်တိုက် များကို ကျောင်းများတွင် ဖွင့်လှစ် ပေးထားခြင်း ဖြစ်သည်။ သို့သော် စာကြည့်တိုက် များ ထာဝရ ရှင်သန်ဖွံ့ဖြိုး စေရန် လိုအပ် သကဲ့သို့ ကျောင်းသား၊ ကျောင်းသူ လေးများ သုတ၊ ရသ ရရှိစေသော စာအုပ် စာပေများ ထားရှိရန်လည်း လိုသည်။

ကျောင်း မုန့်ဈေးတန်း များသည်လည်း ကလေးများ အားလုံး၏ ဒုတိယ မီးဖိုချောင်၊ နေ့လယ်စာ အာဟာရ ဖြည့်တင်းပေးရာ ဌာန ဖြစ်သောကြောင့် ကျန်းမာရေးနှင့် ညီညွတ်သော၊ သန့်ရှင်း လတ်ဆတ်သော၊ အာဟာရ ပြည့်ဝစေသော မုန့်ပဲ သရေစာများ ထားရှိရန် လိုသည်။ သို့မှသာ ကျန်းမာ ပျော်ရွှင် ပညာသင်ကြား နိုင်သော ကလေးများ ဖြစ်ပြီး ထူးချွန် ထက်မြက်သော ကလေးများ ဖြစ်လာ နိုင်သည်။

ကျောင်းအိမ်သာ ဟူသည် ကျောင်းတစ်ကျောင်း လုံး၏ စည်းကမ်းပိုင်း နှင့် သန့်ရှင်း သပ်ရပ်မှုကို ကိုယ်စားပြုသည့် အဓိကနေရာ ဖြစ်သည်။ ကျောင်းအိမ်သာများ သန့်ရှင်း သပ်ရပ်မှု ရှိမှသာ ကလေးများ ကျန်းမာရေးနှင့်ညီညွတ်ကာ ပညာသင်ယူ နိုင်ကြမည် ဖြစ်သည်။ ထို့ကြောင့် ကျောင်းအိမ်သာများ အမြဲသန့်ရှင်း သပ်ရပ်စေရန် လိုအပ်သည်။

သို့ဖြစ်ရာ ကောင်းသုံးကောင်း ဟူသည် ကျောင်းတစ်ကျောင်း ၏ ဘက်စုံဖွံ့ဖြိုးမှု တွင် ပုံရိပ်ကောင်းများ ဖြစ်စေနိုင် သကဲ့သို့ ကျောင်းတစ်ကျောင်း ၏ အရည်အသွေး နှင့် စွမ်းဆောင်ရည် အနိမ့်အမြင့် ကိုလည်း တိုင်းတာ ဆုံးဖြတ် သတ်မှတ် ပေးနိုင်သောကြောင့် ဘက်စုံ တိုးတက် ကောင်းမွန်စေရန် ဂရုပြု ဆောင်ရွက်သင့် ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger