လူမှုဖူလုံရေး
နိုင်ငံလူဦးရေ၏ ၆ဝ ရာခိုင်နှုန်းကျော် သည် အလုပ်လုပ် နိုင်ကြသော လုပ်သားထုများ ဖြစ်သည်။ ၄င်းတို့၏ ကာယ၊ ဉာဏ၊ တွေးခေါ်တီထွင် ဖန်တီးမှု စွမ်းပကားများဖြင့် ကုန်ထုတ်လုပ်မှု တိုးတက် စေရန် ဆောင်ရွက်ကြ ရမည် ဖြစ်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျန်းမာရေး နှင့် လူမှုရေး လိုအပ်ချက် များကြောင့် လုပ်ငန်းအပေါ် စိတ်ဝင်စားမှု လျော့ပါးကာ ကုန်ထုတ်လုပ်မှု မလျော့ကျ စေရန် လိုအပ်သည်။ ထို့ကြောင့် လိုအပ်သော ကျန်းမာရေး နှင့် လူမှုရေး စောင့်ရှောက်မှု များကို စနစ်ကျနသော အစီအမံ များဖြင့် ဆောင်ရွက် ပေးရန် လိုအပ်မည် ဖြစ်သည်။
မြန်မာနိုင်ငံ အနေဖြင့် အလုပ်သမား များ၏ ကျန်းမာရေး နှင့်လူမှုရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး နိုင်ရန်အတွက် အပြည်ပြည် ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ (ILO) ၏ ပြဋ္ဌာန်းချက်များ နှင့်အညီ ၁၉၅၄ ခုနှစ်မှစ၍ လူမှုဖူလုံရေး အဖွဲ့ ( Social Security Board ) ဖွဲ့စည်းနိုင်ရန် အတွက် လိုအပ်သောဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းခဲ့ပြီး ၁၉၅၆ ခုနှစ်မှစ၍ လူမှုဖူလုံရေး စီမံကိန်းကို စတင် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း လေ့လာ သိရှိရသည်။
တစ်နိုင်ငံလုံးတွင် မြို့နယ်ပေါင်း ၁၁ဝ ၌ လူမှုဖူလုံရေး ရုံးခွဲပေါင်း ၇၇ ရုံး ဖွင့်လှစ်ထားပြီး အလုပ်သမား ဆေးရုံ သုံးရုံနှင့် လူမှုဖူလုံရေး ဆေးခန်း ၉၂ ခန်းဖြင့် အာမခံ အလုပ်သမား များ၏ ကျန်းမာရေး နှင့် လူမှုရေး စောင့်ရှောက်မှု များကို ဆောင်ရွက် ပေးခဲ့သည်။
ယနေ့အချိန်တွင် အလုပ်သမား များ၏ ကျန်းမာရေး နှင့် လူမှုရေး စောင့်ရှောက်မှု များကို ခေတ်နှင့် လျော်ညီစွာ ပိုမို ဆောင်ရွက် ပေးနိုင်ရန် မျှော်မှန်း ရည်ရွယ်၍ လည်းကောင်း၊ လူမှုဖူလုံရေး စီမံကိန်း လုပ်ငန်းစဉ်များ အထိုက်အလျောက် အောင်မြင်မှု ရရှိနေသော ဒေသတွင်းနှင့် အာရှ နိုင်ငံများတွင် ဆောင်ရွက်လျက် ရှိသော လူမှုဖူလုံရေး စီမံကိန်းများ ကဲ့သို့ အကောင် အထည်ဖော် နိုင်ရန် အတွက် လည်းကောင်း လူမှုဖူလုံရေး ဥပဒေသစ်ကို သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာန မှ ရေးဆွဲခဲ့ပြီး ဖြစ်သည်။
လူမှုဖူလုံရေး အဖွဲ့တွင် အာမခံ ထားသင့်သည့် အလုပ်သမား အမျိုးအစား အနေဖြင့် အလုပ်သမား ငါးဦးနှင့် အထက် စီးပွားရေး လုပ်ငန်းများ အားလုံး၊ စီးပွားရေး လုပ်ငန်း လုပ်ကိုင်သည့် အစိုးရ ဝန်ကြီးဌာန များနှင့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများ ဥပဒေသစ်တွင် ကျန်းမာရေးနှင့် လူမှုရေး စောင့်ရှောက်မှု အာမခံစနစ် နှင့် အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့် စနစ်တို့ကို စတင် ကျင့်သုံးကြောင်း သိရသည်။
သို့ဖြစ်ရာ လူမှုဖူလုံရေး အဖွဲ့သည် ကျန်းမာရေး စောင့်ရှောက်မှု နှင့် လူမှုဒုက္ခ ကြုံတွေ့ ရမှုများကို ကူညီပံ့ပိုး ပေးသော အဖွဲ့အစည်း ဖြစ်သောကြောင့် အလုပ်ရှင်၊ အလုပ်သမားများ အနေဖြင့် အကျိုး ခံစားခွင့် ရရှိရေး အတွက်သာ သိနေသည့် အသိမျိုး မထားရှိရန်နှင့် ဝန်ထမ်းများ အနေဖြင့် တာဝန် ထမ်းဆောင်မှု တစ်ခုထက် ပိုသော အသိစိတ်ဓာတ်များ ရှင်သန် ရင့်ကျက်ရန် လိုအပ်မည် ဖြစ်ကြောင်း ရေးသားလိုက်ရ ပေသည်။
( အယ်ဒီတာ့အာဘော် )
#Yadanarpondaily
#ရတနာပုံနေ့စဉ်
No comments:
Post a Comment