ပြင်ဦးလွင် ၊ ၁၂-၁-၂၀၁၅
နှစ်စဉ် ပြုလုပ်ပြသမြဲ ဖြစ်သော ပြင်ဦးလွင် အမျိုးသား ကန်တော်ကြီး ဥယျာဉ် ပန်းပွဲတော်မှာ ယခုနှစ်တွင်လည်း ပြကွက်မျိုးစုံဖြင့် ခင်းကျင်းပြသ ခဲ့ရာ ကြည့်ရှု လေ့လာသူ ဧည့်ပရိသတ် စံချိန်တင် ခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင် ပန်းပွဲတော် ကို ဒီဇင်ဘာလ အတွင်း ကျင်းပပြုလုပ် ခဲ့သောကြောင့် ကျောင်းသား ကျောင်းသူများ ကျောင်းပိတ် အားလပ်ရက် များနှင့် ကြုံကြိုက်နေခြင်း၊ လှလှပပ ဝေဝေဆာဆာ ဖူးပွင့်နေသော ပန်းချယ်ရီ တို့၏ ထူးခြားမှုကို ခံစား ကြည့်ရှုနိုင်ခြင်း၊ ရောင်စုံ ပန်းပေါင်းစုံ တို့ဖြင့် ပြုလုပ်ဖန်တီး ထားသော အမြင်ဆန်းကြယ် လှသည့် ရုပ်တုရုပ်လုံး သရုပ်ဖော် ပြကွက်များစွာကို လေ့လာနိုင်ပြီး အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူး နိုင်သောကြောင့် ယခုနှစ်သည် ယခင်နှစ်များထက် လာရောက် လည်ပတ်သူ များပြားကြောင်း သိရသည်။
အမျိုးသား ကန်တော်ကြီး ဥယျာဉ် မှ တာဝန်ရှိသူ များ၏ ပြောပြချက် အရ ဒီဇင်ဘာ ၂ဝ ရက်တွင် ဧည့်ပရိသတ် ဦးရေ ၂၈ဝဝဝ ကျော်၊ ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့ တွင် ဧည့်ပရိသတ် ၁၈ဝဝဝ ကျော် ဝင်ရောက်ကြည့်ရှု ခဲ့သောကြောင့် ဥယျာဉ်အတွင်း တိုးမပေါက်အောင် စည်ကားခဲ့ကြောင်း သိရသည်။
ပွဲတော်လာ ဧည့်ပရိသတ်များ သည် စိတ်ဝင်စားဖွယ်ရာ လှပစွာ ရုပ်လုံးဖော် ထားသော ပြကွက် အမျိုးမျိုး တို့ကို ကြည့်ရှုလေ့လာ ကြသည့်အပြင် ယခုနှစ်တွင် ထူးထူးခြားခြား ရှားရှားပါးပါး ဝေဝေဆာဆာ ဖူးပွင့်လျက် ရှိသော ချယ်ရီဖြူပင် ရှိရာသို့ တအံ့တသြ သွားရောက် ကြည့်ရှုကြသည့် အတွက် ချယ်ရီဖြူပင် ကို ဆုံးရှုံးပျက်စီးခြင်း မဖြစ်ပေါ် စေရန် လုံခြုံရေးများ ချထား ခဲ့သော်လည်း လွန်စွာများပြား လှသော ဧည့်သည်များကို ထိန်းသိမ်းရန် ခက်ခဲသောကြောင့် ချယ်ရီဖြူပင် ၏ အောက်ခြေရှိ ချယ်ရီပန်းများ ပျက်စီးဆုံးရှုံး သွားသည်ဟု သိရသည်။
မည်သို့ပင်ဖြစ်စေ သဘာဝ ငှက်လှောင်အိမ် ပြခန်း၊ ရှားပါးလိပ်ပြာ ပြတိုက် နှင့် သစ်ခွဥယျာဉ်၊ မြင်တွေ့ရန် ခက်ခဲသည့် ရွှံ့ညွန်တော၊ မိုးမျှော်လျှောက်လမ်း၊ ဝါးမျိုးစုံ ပြကွက်နှင့် တိရစ္ဆာ န်များ၊ သဘာဝ ထင်းရှူးတော ရနံ့များကို ခံစားကာ ကျယ်ဝန်းလှသည့် ကန်တော်ကြီး ကန်ရေပြင် မှ လေကောင်း လေသန့်များကို တဝကြီး ရှူရှိုက်လျက် ပွဲတော်လာ ဧည့်သည်များ အနေဖြင့် ကြည်နူး ကြိုက်နှစ်သက် ခဲ့ပြီး စိတ်ကျေနပ်စွာ အပန်းဖြေ နိုင်ခဲ့ကြောင်း သိရသည်။ (၁၆၅)
#Yadanarpondaily
#ရတနာပုံနေ့စဉ်
No comments:
Post a Comment