မျိုးချစ်စိတ်နှင့် ယဉ်ကျေးမှုမဏ္ဍိုင် မြဲခိုင်မှသာ
မင်းလွင်
မျက်မှောက် ကာလတွင် နိုင်ငံတစ်ဝန်း ၌ ကျင်းပလေ့ ရှိသော နေ့ထူးနေ့မြတ် အထိမ်းအမှတ် ပွဲများ၊ ပျော်ပွဲရွှင်ပွဲ၊ အငြိမ့်ပွဲ၊ ဇာတ်ပွဲ၊ အားကစားပွဲ များနှင့် နေ့စဉ် ဝတ်စား ဆင်ယင် ပြောဆို ပြုမူခြင်း တို့တွင် တိုင်းတစ်ပါး ယဉ်ကျေး မှုများ လွှမ်းခြုံ နေသည်ကို တွေ့မြင် နေရပေသည်။ ထို့ကြောင့် နိုင်ငံတော် အေးချမ်းသာယာ ခေတ်မီ ဖွံ့ဖြိုးရေး အတွက် မျိုးချစ်စိတ်နှင့် ယဉ်ကျေးမှု မဏ္ဍိုင် ယိမ်းယိုင်မှု မရှိစေရန် နိုင်ငံသားတိုင်း သတိပြုသင့် ပေသည်။
နိုင်ငံတစ်နိုင်ငံ အတွက် မျိုးချစ်စိတ် ဟူသည် မရှိမဖြစ် လိုအပ်သော အရာဖြစ်သည်။ မျိုးချစ်စိတ် ရှိမှသာ တိုင်းပြည်ရန်စွယ် များကို တွန်းလှန်ဖယ်ရှား ကာကွယ်နိုင်မည် ဖြစ်သလို တိုင်းပြည် သာယာ ဖွံ့ဖြိုးရေး ကိုလည်း ရှေးရှု လုပ်ဆောင် နိုင်မည် ဖြစ်သည်။ ထို့အတူ ယဉ်ကျေးမှု ဆိုသည် ကလည်း နိုင်ငံနှင့် လူမျိုး၏ ဂုဏ်ရောင်ပင် ဖြစ်သည်။ ကမ္ဘာတွင် လူမျိုးတစ်မျိုး အဖြစ် ရပ်တည်နိုင်ရန် ထိုလူမျိုးတွင် ခိုင်မာသော ယဉ်ကျေးမှု ရှိရန် လိုပေသည်။
ယဉ်ကျေးမှု ဖြင့်သာ လူ့ အဆင့်အတန်း၊ လူ့တန်ဖိုးကို တိုင်းတာသည် ဖြစ်၍ မည်မျှပင် ချမ်းသာသော နိုင်ငံဖြစ်စေ ယဉ်ကျေးမှု ခေါင်းပါးလျှင် အချည်းနှီးပင်။ ယဉ်ကျေးမှု အစဉ်အလာ ကောင်းများ ရှိမှသာ နိုင်ငံနှင့် လူမျိုး၏ အဆင့်အတန်း မြင့်မား နိုင်ပေမည် ဖြစ်သည်။
ထို့ကြောင့် ကိုယ့် ယဉ်ကျေးမှုကို မျက်ကွယ်ပြု၍ တိုင်းတစ်ပါး ယဉ်ကျေးမှု များကို အထင်ကြီးကာ အတုယူ နေကြသူများ နှင့် တိုးတက် နေသော နိုင်ငံများနှင့် နှိုင်းယှဉ်ပြီး ကိုယ့်နိုင်ငံကို အထင်သေး စကား ဆိုကြသူများအား ဆင်ခြင်အသိ ပွားစေချင်သည်။ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက် သာယာရေး သည် နိုင်ငံတော် အုပ်ချုပ်ရေး တာဝန် ထမ်းဆောင် နေသည့် အစိုးရအပေါ် တွင်သာ တာဝန်ရှိသည် မဟုတ်။ ဘောလုံး အားကစား နည်းပမာ ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်း နှင့် ဂိုးသမား အပါအဝင် တစ်သင်းလုံး၏ ညီညွတ်မှု၊ စွမ်းဆောင်ရည် ရှိမှုနှင့် ကိုယ့်တာဝန် ကိုယ် ကျေပွန်အောင် ထမ်းဆောင်မှု အစရှိသည့် အရည်အချင်းများ ပြည့်စုံမှသာ အောင်မြင်သော အသင်းတစ်သင်း ဖြစ်သကဲ့သို့ နိုင်ငံသူ၊ နိုင်ငံသား တိုင်းတွင် တာဝန်ရှိ ပေသည်။ သို့ဖြစ်ရာ နိုင်ငံသားတိုင်း ကျရာ အခန်းကဏ္ဍမှ တာဝန် ကျေပွန် သင့်သလို နိုင်ငံနှင့် လူမျိုးဂုဏ် ညှိုးနွမ်း စေသည့် တိုင်းတစ်ပါး ယဉ်ကျေးမှု လွှမ်းမိုးခြင်း မခံရအောင် ကိုယ်တိုင်လည်း သတိပြု ရှောင်ကြဉ်ကာ အခြားသူများ ကိုလည်း တိုက်တွန်း သင့်ပေသည်။ မိမိတို့ နိုင်ငံ၏ ယဉ်ကျေးမှု အမွေအနှစ် တို့ကို သုံးသပ်ကြည့်ပါ။
ဘာသာတရား အနေဖြင့် ကြည့်လျှင် ထေရဝါဒ ဗုဒ္ဓဘာသာ အဆုံးအမဖြင့် နေသူများ ဖြစ်၍ ကိုယ်နှုတ်နှလုံး ယဉ်ကျေး သိမ်မွေ့ကြ သည်။ စိတ်ရှည်ခြင်း၊ သည်းခံခြင်း နှင့် ကိုယ်ချင်းစာ ခြင်း ရှိသူများ ဖြစ်ပေသည်။ ဝတ်စား ဆင်ယင်မှု တွင်လည်း ကိုယ့်ဓလေ့၊ ကိုယ့်သဘာဝ၊ ကိုယ့် ပတ်ဝန်းကျင် နှင့် လိုက်လျော ညီထွေ ရှိအောင် ဝတ်ဆင်မှု ပြုကြသည်။ ပန်းချီ၊ ပန်းပု၊ အနုသုခုမ တို့တွင်လည်း ရှေးကျကာ အဆင့်အတန်း မြင့်မားကြောင်း ပြဒါးလင်းဂူ နံရံဆေးရေး ပန်းချီများ၊ ပုဂံဂူဘုရား လက်ရာများ၊ မြောက်ဦး ဝေသာလီ တို့မှ ဗိသုကာ လက်ရာများ နှင့် ရတနာပုံ နေပြည်တော် လက်ရာများက သက်သေ ပြလျက် ရှိပေသည်။
ထို့အပြင် သဘင်ဂီတ အရာတွင်လည်း ပျူခေတ်ကပင် ထွန်းကား ခဲ့ပြီးဖြစ်ကာ ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ် ဟူသည် မြန်မာတို့၏ ကိုယ်ပိုင် တူရိယာ ငါးပါး ဖြစ်ပေသည်။ ဘာသာစကား နှင့် ပတ်သက်၍ လည်း ကိုယ်ပိုင် ဘာသာစကား၊ ကိုယ်ပိုင် အရေးအသား တို့ ရှိသည့်အပြင် ခေတ်အဆက်ဆက် ပေါ်ထွန်းခဲ့သော ကဗျာ၊ လင်္ကာများ နှင့် စကားပြေ အရေးအသား တို့က မြန်မာ့စာပေ အဆင့်အတန်း ကို ဖော်ညွှန်းနေ ပေသည်။ ထို ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု နှင့် စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု များကို မြတ်နိုး ထိန်းသိမ်းခြင်း မရှိဘဲ မျက်ကွယ် ပြုပါက လယ်တီပဏ္ဍိတ ဦးမောင်ကြီး ရေးသားသည့် '' ကိုယ့်ဇာတ်နွယ်ရိုး ၊ ဂုဏ်ရှိန်ညှိးမူ ၊ မိရိုးဖလာ ၊ တရားကွာ၏ ။ ထိုခါ၌ကား ၊ မတရားလျှင် ၊ ထိပါးလွှမ်းအုပ် ၊ မျိုးကိုချုပ်လိမ့် " ဆိုသည့် ကဗျာစာသား ပမာ ဖြစ်ပေမည်။ ထိုသို့ မဖြစ်ရအောင် ဆောင်ရွက်နိုင်ရန် နိုင်ငံသားတိုင်း ၏ ရင်တွင်း၌ မျိုးချစ်စိတ်နှင့် ယဉ်ကျေးမှု မဏ္ဍိုင် မြဲခိုင်မှု ရှိရန်မှာ အရေးကြီး ပါကြောင်း ရေးသား လိုက်ရပါသည်။ ။
#Themyawadydaily
#မြ၀တီနေ့စဉ်
No comments:
Post a Comment