www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 5, 2015

အသံဝင်ခြင်း


အသံဝင်ခြင်း

ဒေါက်တာလွင်သန့် (ဆေး-၂)

အသံဝင်ခြင်းသည် လူတိုင်း ကြုံတွေ့ နေရသော သဘာဝဖြစ်သည်။ အသံဝင်ရခြင်းမှာ အတိုင်းအတာ ထက်ပို၍ စကားပြောဖန် များခြင်းနှင့် စကား ကျယ်လောင်စွာ ပြောဆိုခြင်း တို့ကြောင့် ဖြစ်နိုင်သည်။ လူသည် အလွန် ညင်သာသော အသံမှ နားမခံသာ အောင် ဆူညံသော အသံအထိ ဖန်တီးနိုင်သည်။

ပထမ အသက်ရှူ လိုက်ပါ။ ပြီးလျှင် အသက်ရှူခြင်း၊ ထုတ်ခြင်းကို ခေတ္တရပ်စဲ သည့်အခါ အသံအိုးမှ အသံကြိုးမျှင် များရှိရာသို့ နီးကပ်သော အဆုတ် လေပြွန်နှင့် အသံအိုး အတွင်းမှ လေကို အထိန်းအကွပ် ဖြင့် ပြန်ထွက်စေ သည့်အခါ အသံအိုး အတွင်းရှိ အသံကြိုးမျှင် များကို လေတိုးဝင် ဖြတ်ကျော် သွားသဖြင့် အသံထွက် လာခြင်း ဖြစ်သည်။

အသံဝင်ခြင်း၊ အသံပျက်ခြင်း သည် အသံအိုးနှင့် ဆိုင်သော ရောဂါ အမျိုးမျိုး ကြောင့် ဖြစ်နိုင်သည်။ အသံအိုး ရောင်ခြင်းမှာ အဆုတ် ရောဂါပိုး စွဲခြင်း၊ ကာလသား ရောဂါကြောင့် အသံအိုး အတွင်း အနာဖြစ်ခြင်း၊ ဝက်သက်ရောဂါ၊ ဆုံဆို့နာ ရောဂါနှင့် အသံအိုးတွင် အသားပို၊ အကျိတ်လုံး၊ ကင်ဆာ ရောဂါများ ဖြစ်ခြင်းကြောင့် အသံဝင်ခြင်း၊ အသံပျက်ခြင်း ဖြစ်နိုင်သည်။

အသံအိုးကို ထိခိုက်မိလျှင် အသံဝင်နိုင် သည့်အပြင် အခြားရောဂါ အမျိုးမျိုး ကြောင့် အသံဝင်လေ့ ရှိသည်။ သိုင်းရွိုက် ဂလင်း ချွတ်ယွင်းခြင်း၊ ခန္ဓာကိုယ် တစ်ခုလုံးရှိ ကြွက်သားများ အားနည်းခြင်း၊ အရက်စွဲခြင်း၊ မေးခိုင်ရောဂါ နှင့် ကြွက်သားများ တက်ခြင်းကြောင့် အသံဝင် နိုင်သည်။

ဦးနှောက်ရှိ အကျိတ်၊ ကင်ဆာကြောင့် ဖြစ်သော ခန္ဓာကိုယ် အဆမတန် မူမမှန် ကြီးထွား စေသောရောဂါ (Acroneguly) ကြောင့် အသံပျက် တတ်သည်။ အလွန် အားနည်းခြင်း၊ အာဟာရ ချို့တဲ့ခြင်းနှင့် ပြင်းထန်သော သွေးအား နည်းခြင်း ကြောင့်လည်း အသံပျက်လေ့ ရှိသည်။

အသံဝင်ခြင်းမှ ကာကွယ်ရန် အလွန်အမင်း ဟစ်အော် ပြောဆိုခြင်း၊ မရပ်မနား ကြာမြင့်စွာ စကားပြောခြင်း၊ သီချင်း အော်ဟစ် ကြွေးကြော်ခြင်း စသည်တို့ကို ဆင်ခြင်သင့်သည်။ အသံဖြင့် အလုပ်လုပ် ရသော အဆိုတော်များ အနေဖြင့် တစ်လလျှင် သုံးလေးရက် သီချင်း မဆိုဘဲ အနားပေး ခြင်းဖြင့် အသံဝင်ခြင်းမှ ကာကွယ်နိုင်မည် ဖြစ်သည်။

အသံကို လွန်ကဲစွာ အသုံးမပြုဘဲ အသံဝင်၊ အသံပျက်ခြင်း၊ ရုတ်တရက် အသံဝင်ခြင်း၊ ရက်ကြာမြင့်စွာ အသံဝင်၊ အသံပျက်ခြင်း၊ သဘာဝ မကျသော အသံဝင်ခြင်း တို့၏ နောက်ကွယ်တွင် ရောဂါဆိုးများ ဖြစ်ပေါ်တတ်၍ နီးစပ်ရာ ဆရာဝန်နှင့် အမြန်ဆုံး ပြသတိုင်ပင် ၍ ဆေးကုသမှု ခံယူသင့်သည်။

အသံပျက် ရခြင်းမှာ အရက်၊ ဆေးလိပ်၊ ကွမ်းများ စားသောက်ခြင်း နှင့် အဆီ လွန်ကဲသော၊ အသားများသော အစားအစာ နှင့် ရေခဲ၊ အအေး၊ အချိုရည်ဘူးများ အလွန်အကျွံ သုံးစွဲမိပါက အသံပျက် နိုင်သည်။


#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger