www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 20, 2015

စာပေဟောပြောပွဲ များမှ ရရှိသော အတွေးတစ်စ


စာပေဟောပြောပွဲ များမှ ရရှိသော အတွေးတစ်စ

မောင်သောင်းဝင်း (တမန်ဟောင်း)

''စာအုပ်စာပေ လူ့မိတ်ဆွေ၊ အလိမ္မာ စာမှာရှိ၊ ပညာရွှေအိုး လူမခိုး၊ အလှအတွက် မှန်ကြည့်သလို ဘဝအတွက် စာကြည့်ပါ'' ဆိုသော ပညာပေး စာစုများကို ငယ်ရွယ် နုပျိုစဉ် ကတည်းက အကြိမ်ကြိမ် အခါခါ ဖတ်ရှုမှတ်သား ခဲ့ရသည်။ စာပေမြင့်မှ လူမျိုးတင့်မည် ဆိုသည့်အတိုင်း ကျွန်တော်တို့ မြန်မာ့စာပေ အဆင့်အတန်း မြင့်မားရေး ကြိုးပမ်းနေမှု များကို မြင်တွေ့ နေရသည့် အတွက်လည်း မုဒိတာ ပွားမိသည်။ လက်ရှိ အစိုးရ လက်ထက်တွင် စာအုပ်စာစောင် ထုတ်ဝေမှုနှင့် ပတ်သက်၍ ဖြေလျှော့ပေးလျက် ရှိရာ ယခင်က တင်ထုတ်စနစ် ရှိရာမှ ယခုဆိုလျှင် ထုတ်တင် စနစ်သာ ရှိသဖြင့် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ဝတ္ထုစသည့် စာအုပ်စာစောင် များကို လွယ်ကူ လွတ်လပ် အဆင်ပြေစွာ ထုတ်ဝေ ဖြန့်ချိလျက် ရှိသည်မှာ ပြည်သူအားလုံး အသိပင် ဖြစ်သည်။

စာပေ လွတ်လပ်ခွင့် ရှိလာသဖြင့် နေ့စဉ်ထုတ် သတင်းစာများ၊ အပတ်စဉ်ထုတ် ဂျာနယ်များ နှင့် လစဉ်ထုတ် ရသ၊ သုတ မဂ္ဂဇင်းများ၊ ဘာသာရေး စာအုပ်များ၊ ဝတ္ထုတို၊ ဝတ္ထုရှည် နှင့် ကဗျာ စာအုပ်များ စသည်ဖြင့် ကဏ္ဍ ပေါင်းစုံတွင် အပြိုင်အဆိုင် ထုတ်ဝေ ဖြန့်ချိလျက် ရှိသည်ကို တွေ့ရသည်။ စာအုပ် စာစောင် ထုတ်ဝေမှု များလာသည် နှင့် စာရေးဆရာများ၊ သတင်း ဆောင်းပါး ရေးသူများ လည်း ကျွဲကူးရေပါ ဆိုသလို မှိုလိုပေါက် ပေါ်ထွက် လာသည်။

မြန်မာနိုင်ငံတွင် လူငယ် အကျိုးပြု စာပေ ရေးသားသည့် စာရေးဆရာများ၊ နိုင်ငံရေး ဆောင်းပါး ရေးသူများ၊ သုတစာပေ ရေးသူများ၊ ရသစာပေ ရေးသူများ၊ ဘာသာပြန် ဆောင်းပါး ရေးသူများ၊ ကဗျာ ရေးသူများ စသည်ဖြင့် စာရေးဆရာ ပေါင်း မြောက်မြားစွာ ထွန်းကားလျက် ရှိသည်။

ထို့အတူ မြန်မာနိုင်ငံ တစ်ဝန်း၌ စာပေ ဟောပြောပွဲများ ခေတ်စား လာသည်။ စာပေ ဟောပြောပွဲ များ ပေါ်ထွန်း လာသည့် အတွက်လည်း ပီတိ ဖြစ်မိသည်။ စာပေ ဟောပြောပွဲများ ပြုလုပ်ပေး ခြင်းသည် စာအုပ်စာပေ ဖတ်ရှုရန် ခက်ခဲသူများ၊ အချိန်မပေး နိုင်သူများ နှင့် လူငယ်များ အတွက် တိုက်ရိုက် အကျိုး သက်ရောက်မှု များစွာ ရှိလာသည်။

ကျွန်တော်သည် စာပေ ဟောပြောပွဲ များသို့ တိုက်ရိုက် သွားရောက် နားထောင်ဖူးခြင်း မရှိပါ။ စိတ်ဆန္ဒ ရှိသော်လည်း ထမ်းဆောင် နေရသည့် တာဝန်နှင့် နေရာ အနေအထား အရ အချိန်ဆင်းရဲ သဖြင့် စာပေ ဟောပြောပွဲ များသို့ တက်ရောက် နားထောင်ရန် အခွင့်အလမ်း မကြုံသလို ဖြစ်နေသည်။ သို့ရာတွင် စာဖတ်သူတို့ ရုပ်သံလိုင်း Readers Channel မှ ပြည်သူများ အတွက် စေတနာထား ထုတ်လွှင့်ပေးလျက် ရှိသည့် စာပေ ဟောပြောပွဲ များနှင့် စာပေ ဖန်တီးသူများ အကြောင်း အစီအစဉ်များ ကိုမူ မလွတ်တမ်း ကြည့်ရှုဖြစ်သည်။ စာပေ ဟောပြောပွဲ အစီအစဉ် များတွင် ဝါရင့် စာရေးဆရာကြီး များ၏ အာဘော် နှင့် စိတ်စေတနာ တို့ကို ပီတိဖြစ်ဖွယ် ကြည့်ရှု နားထောင် ရသည်။ သာဓက အနေဖြင့် ဆရာကြီး လယ်တွင်းသား စောချစ်၊ ဆရာချစ်နိုင် (စိတ်ပညာ)၊ ချစ်ဦးညို၊ ဆရာ ကောင်းသန့် စသည့် ဆရာကြီး များ၏ ဟောပြောပွဲ အစီအစဉ် များတွင် လူမှု အသိုက်အဝန်းကို အကျိုးပြု စေသည့် အကြောင်းအရာများ၊ ရသများကို ပေးစွမ်း သွားသည်မှာ ကျွန်တော်တို့ လက်လှမ်း မမီသည့် တန်ဖိုး မဖြတ်နိုင်သော မှတ်သားဖွယ်ရာ ဗဟုသုတ များပင် ဖြစ်သည်။

သို့သော် အချို့သော စာရေးဆရာ များသည် ပုဂ္ဂိုလ်ရေး နာကြည်းမှု စိတ်ခံစားချက် များကို မျက်မှောက် ကာလအထိ စွဲကိုင်ထားလျက် စာချစ်သူ ပရိသတ်များအား ဒေါသ အငွေ့အသက် မကင်းသည့် ဟောပြောချက် များ၊ ပရိသတ်၏ လက်ခုပ် သြဘာသံ ရရှိရေး အတွက် အာဏာပိုင် အဖွဲ့အစည်း များနှင့် ပုဂ္ဂိုလ်များအား စောင်းပါး ရိပ်ခြည် ပြောဆိုခြင်း များသည် ရေရှည်တွင် မြန်မာ့လူမှု အဖွဲ့အစည်း အတွက် အပြုသဘော ဆောင်သော ကိစ္စများ မဟုတ်ပေ။

ခြုံငုံ တင်ပြရလျှင် စာရေးဆရာ များသည် ပြည်သူများ၏ နား၊ မျက်စိ ဖြစ်သလို စာပေ ဟောပြောပွဲများ သည်လည်း ပြည်သူများအား အသိပညာ ဗဟုသုတ ပေးသည့် နေရာပင် ဖြစ်သည်။ စာပေ ဟောပြောပွဲ များ၏ ဦးတည်ချက်၊ ရည်မှန်းချက်၊ ရည်ရွယ်ချက် များ မည်သို့ပင် ကောင်းမွန် နေစေကာမူ ဟောပြောသည့် စာရေးဆရာ ၏ စိတ်စေတနာ အပေါ် မူတည်နေ၍ စာပေ ဟောပြောပွဲ တက်ရောက် လာသူများ၏ နှလုံးသားတွင် အပြုသဘော နှင့် အဖျက် သဘောများ မတူကွဲပြားစွာ တည်ရှိ ကိန်းအောင်း လာနိုင်သည်။

သို့ဖြစ်၍ စာပေ ဟောပြောသည့် စာရေးဆရာကြီး၊ ဆရာမကြီးများ အနေဖြင့် မိမိ၏ ပုဂ္ဂိုလ်ရေး စိတ်ခံစားချက် ကို ရှေ့တန်း မတင်ဘဲ ပြည်သူများ အကျိုးဖြစ်ထွန်း စေမည့် အထူးသဖြင့် ကျွန်တော်တို့၏ ဒီမိုကရေစီ နိုင်ငံတော် သစ်ကြီး တည်ဆောက်မှုတွင် တာဝန်များကို ပခုံးပြောင်း လက်ဆင့်ကမ်း ယူမည့် အနာဂတ် မျိုးဆက်သစ် များအား စိတ်ဓာတ်ခွန်အား ဖြစ်စေမည့် ဟောပြောမှု များဖြင့် အကျိုးပြု နိုင်ပါစေရန် ဆန္ဒပြု တင်ပြ လိုက်ပါသည်။ ။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger