www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 16, 2015

ယဉ်ကျေးမှုအမွေ ဆက်လက်ထိန်းသိမ်း


ယဉ်ကျေးမှုအမွေ ဆက်လက်ထိန်းသိမ်း

မြန်မာနိုင်ငံတွင် မည်သည့် အချိန်ကစ၍ ရှေးဟောင်း သုတေသနပညာ ပေါ်ထွန်း လာခဲ့သည်ဟု ပြောဆိုရန် ခက်ခဲသည်။ အမရပူရ မြို့တည် နန်းတည် ဘိုးတော်ဘုရား အေဒီ ၁၈၇၂- ၁၈၂၉ လက်ထက် မင်းမြေနှင့် သာသနာမြေ ကို ခွဲခြားသိရှိ နိုင်ရန် မြန်မာပြည် တစ်ဝန်းရှိ ရှေးဟောင်း ကျောက်စာ များကို စုဆောင်းခဲ့ခြင်း၊ ဖတ်ရှုခဲ့ခြင်း၊ ကျောက်စာသစ်များ ရေးထိုးခဲ့ခြင်း စသော လုပ်ငန်းများနှင့် ရှေးဟောင်း သက္ကတ ဘာသာဖြင့် ရေးသား ထားသော ကျမ်းအမျိုးမျိုး တို့ကို မြန်မာ ဘာသာသို့ ပြန်ဆို ခဲ့သည်ကို တွေ့ရ၍ မြန်မာတို့၏ ရှေးဟောင်း သုတေသန ပညာသည် ထိုအချိန် က စတင်ခဲ့သည် ဟု ယူဆရသည်။

ထို့နောက်ပိုင်း တွင် မြန်မာ့ ရှေးဟောင်း သုတေသန လုပ်ငန်းများကို အင်္ဂလိပ် တို့က ပြုလုပ်ခဲ့ ကြပြီး ဂေဇက်တီးယား စာအုပ်များတွင် ဒေသဆိုင်ရာ ရှေးဟောင်း သုတေသန အကြောင်း အရာများ ထည့်သွင်း ဖော်ပြသည်ကို တွေ့ရသည်။ နောက်ပိုင်းတွင် မြန်မာနိုင်ငံ ရှေးဟောင်း သုတေသန ဌာန၏ ရှေ့ပြေး ဖြစ်သော ကမ္ပည်း ကျောက်စာ ဌာနကို ဖွင့်လှစ်၍ မြန်မာနိုင်ငံ၏ ရှေးဟောင်း အမွေအနှစ် များကို ရှာဖွေခြင်း၊ ဖော်ထုတ် လေ့လာခြင်း၊ စာရင်း ပြုစုခြင်း၊ မှတ်တမ်းတင်ခြင်း၊ ပုံနှိပ် ထုတ်ဝေခြင်း တို့ကို ပြုလုပ် ခဲ့ကြောင်း တွေ့ရသည်။

လွတ်လပ်ရေး ရပြီးသော အခါ မြန်မာနိုင်ငံ ရှေးဟောင်း သုတေသန ဌာနက အဆိုပါ လုပ်ငန်းရပ် များကို ဆက်လက် လုပ်ကိုင်ခဲ့ပြီး ရာဇဝင် ထဲတွင် ပါရှိသည့် တိမ်မြုပ် နေသော မြို့ဟောင်းများ တူးဖော်ခြင်း ကို ဆောင်ရွက် ခဲ့သည်။ ဗိဿနိုး မြို့ဟောင်းကို စတင် တူးဖော်သည့် ၁၉၅၉ ခုနှစ်ခန့်မှ စ၍ ရှေးဟောင်း သုတေသန အစီအစဉ် များ၊ နည်းစနစ်များ ကွင်းဆင်း တူးဖော်မှု များကို အရှိန် အဟုန်မြှင့် ဆောင်ရွက် ခဲ့သောကြောင့် နိုင်ငံ့သမိုင်း အတွက် အထောက်အပံ့ ဖြစ်စေသည့် အချက်အလက် ပေါင်းများစွာကို ရှာဖွေစုဆောင်း တင်ပြ နိုင်ခဲ့သည်။

ထို ရှေးဟောင်း သုတေသန ဌာန၏ အောင်မြင်မှု အတွက် ဗိဿနိုး၊ သရေခေတ္တရာ၊ ဟန်လင်း စသည့် ဒေသများကို ကမ္ဘာ့ အမွေအနှစ် စာရင်းသို့ တင်သွင်း နိုင်ခဲ့ပြီး မြန်မာတို့၏ သမိုင်းနှင့် အမွေအနှစ် ယဉ်ကျေးမှု မြင့်မားမှုကို ကမ္ဘာက သိစေ ခဲ့သည်။ ထိုသို့ ရှေးဟောင်း သုတေသန ဌာန၏ ကြိုးပမ်းမှု ကြောင့် မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ် များ ဖော်ထုတ်ပြသ နိုင်ခဲ့သည်။

သို့ဖြစ်ရာ ထို ရှာဖွေ လေ့လာ ဖော်ထုတ် နိုင်ခဲ့သည့် ရှေးဟောင်း အမွေအနှစ် များ၊ ရှေးဟောင်း ယဉ်ကျေးမှု ဒေသများကို အရှည် တည်တံ့၍ ပြည်တွင်း၊ ပြည်ပ ဗဟုသုတ ရှာမှီးသူတို့ လေ့လာ မှတ်သားစရာ နေရာများ အဖြစ် အရှည် တည်တံ့ ဂုဏ်ဝင်ဆံ့ စေရန် ပြည်သူ တစ်ရပ်လုံးက ကြိုးပမ်း ဖော်ဆောင် သွားကြရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger