www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 9, 2014

စေတနာထားတတ်သူ အကျိုးပေး ကောင်းသည်


စေတနာထားတတ်သူ အကျိုးပေး ကောင်းသည်

၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် ကျရောက်သော နိုင်ငံတကာ စေတနာ့ ဝန်ထမ်းများနေ့ သို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ထံမှ သဝဏ်လွှာ ပေးပို့ရာ၌ ငြိမ်းချမ်း သာယာ၍ ရေရှည်ဖွံ့ဖြိုး တိုးတက်သော ကမ္ဘာ တည်ဆောက်ရေး လုပ်ငန်းစဉ် များ၌ စိတ်ရောကိုယ်ပါ အားတက်သရော ပါဝင် ကြိုးပမ်းခဲ့သည့် ကုလသမဂ္ဂ ဝန်ထမ်း ၆၃ဝဝ နှင့် အွန်လိုင်းမှ တစ်ဆင့် နှုတ်၏ စောင်မခြင်းဖြင့် ပါဝင်ခဲ့ကြသူ ၁၁ဝဝဝ တို့၏ စေတနာ ထက်သန်မှု သည် ကမ္ဘာ့ပြည်သူ သန်းပေါင်း များစွာတို့အား အကျိုးပြု ခဲ့ခြင်းကြောင့် မိမိအနေဖြင့် အထူး ကျေးဇူးတင် ရှိပါကြောင်း၊ အထူးသဖြင့် အီဘိုလာ ရောဂါ ဖြစ်ပွားမှုနှင့် ကူးစက်ပျံ့နှံ့မှု မရှိစေရေး အတွက် ကြိုတင် ဆောင်ရွက် ရမည့် လုပ်ငန်းများ အတွက် ကရုဏာ တရားထားကာ ပါဝင် ဆောင်ရွက် ပေးကြသူများ ကြောင့် ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းတွင် ထိရောက်စွာ ဆောင်ရွက် နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ယနေ့ ကမ္ဘာ့ပြည်သူတို့ သဘာဝ ဘေးဒဏ်ကြောင့် အတိဒုက္ခ ရောက်ကြသော ကာလများ၌ လည်းကောင်း၊ လုယက် ဖျက်ဆီး လိုသူတို့က ယဉ်ကျေးမှု အမွေအနှစ် များကို ဖျက်ဆီးရန် ကြံစည်ကြသော အခါများတွင် လည်းကောင်း ကရုဏာရှင် တို့၏ စုစည်းမှု အားဖြင့် ဝိုင်းဝန်း ဖေးကူ ကာကွယ် ပေးခဲ့ကြသည်။ ထို့အပြင် ဖွံ့ဖြိုးမှု နှေးကွေး နောက်ကျ နေသူများ ကိုလည်း ကရုဏာရှင် တို့က လက်တွဲ ခေါ်ယူကာ ရိုင်းပင်း ကူညီခြင်းဖြင့် ဆင်းရဲမှုမှ လွတ်မြောက် စေခဲ့သည်။

ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ ( UNICEF ) မှ ဒီဇင်ဘာ ပထမ ရက်သတ္တပတ် အတွင်းက ထုတ်ဖော် ပြောကြားချက် အရ ဆီးရီးယားနိုင်ငံ အတွင်း ဖြစ်ပွားလျက် ရှိသော ပဋိပက္ခ များကြောင့် ဂျော်ဒန်နိုင်ငံ၊ လက်ဘနွန် နိုင်ငံ၊ တူရကီနိုင်ငံ၊ အီရတ်နိုင်ငံ နှင့် အီဂျစ်နိုင်ငံများ အတွင်းသို့ ဆီးရီးယား နိုင်ငံသား ၁ ဒသမ ၇ သန်း ထွက်ပြေး တိမ်းရှောင် နေကြရာ မိသားစု ရပ်တည်ရေး အတွက် ဒုက္ခသည် ကလေးငယ်များမှာ လုပ်ငန်း ဝင်ရောက် လုပ်ကိုင်ကြ ရပြီး မိန်းကလေး များမှာလည်း အရွယ်မရောက်မီ လက်ထပ် ထိမ်းမြားခြင်းဖြင့် ကြိုးပမ်း နေကြရကြောင်း သိရသည်။ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် ( WFP ) က ထုတ်ပြန်သော စာရင်းများအရ ၄င်း ဆီးရီးယား စစ်ပြေးဒုက္ခသည် များအား ဒီဇင်ဘာလ အတွင်း အစားအစာ ထောက်ပံ့ရန် အမေရိကန် ဒေါ်လာ ၄၆ သန်း လိုအပ်လျက် ရှိသည်ဟု တွေ့ရသည်။

ဆီးရီးယားနိုင်ငံ ပြည်တွင်းစစ် ဖြစ်ပေါ်ခဲ့ သည်မှာ လေးနှစ်ကြာခဲ့ပြီ ဖြစ်သည်။ ဂျော်ဒန်နိုင်ငံ ရောက် စစ်ဘေးရှောင် ဆီးရီးယား ပြည်သူများမှ မိန်းကလေးများ လက်ထပ် ထိမ်းမြားသူ သုံးဦးရှိလျှင် တစ်ဦးမှာ အသက် ၁၈ နှစ်အောက် ရှိသူဖြစ်သည်။ လက်ဘနွန် နိုင်ငံရောက် စစ်ဘေးရှောင် ဆီးရီးယား ကလေးငယ် ၅ဝဝဝဝ သည် လုပ်ငန်းခွင်သို့ ဝင်ရောက် လုပ်ကိုင်၍ မိသားစု ပြဿနာကို ဖြေရှင်းနေကြ ရသည်။ ထို ကလေးငယ် များအား အနာဂတ်ရှိသော ကလေးငယ်များ အဖြစ် ပြောင်းလဲပေးရန် နှင့် အမေဘုတ်ရဲ့ သူ့ချည်ခင် ကဲ့သို့ ရှုပ်ထွေးသော ဒုက္ခသည် ဘဝမှ လွတ်မြောက်ရေး အလှူရှင် နိုင်ငံများ လိုအပ်နေကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့က ပန်ကြား ထားသည်။

သူတစ်ပါးအပေါ် စာနာစိတ် ထားသူတစ်ဦးအား အခြားသူများ ကလည်း တူညီသော တုံ့ပြန်မှု ရရှိခြင်းကြောင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ သုခရရှိစေ နိုင်သည်။ သြဓိသပတ္ထနာ အစချီသော ဦးပုည၏ လှေအလှူခံ မေတ္တာစာ၌ ''ယာဂုထမနဲ၊ အိုးကြီးကွဲမှ၊ စွန့်ကြဲသည့် ဒါနလည်း၊ နိပ္ဖလမဆိုသာ၊ စေတနာ ဇောသန်၍၊ သမုဋ္ဌာန် လွန်ကဲလျှင်၊ အိုးကွဲမှ စွန့်လှူသည့်၊ ထိုသူတို့ ကုသိုလ်သည်၊ မဂ်ဖိုလ် ဧကန်ရပေမည် '' ဟု စေတနာ ထားတတ်လျှင် အကျိုးပေး ကောင်းကြောင်း ဖော်ညွှန်း ထားသည်။

သို့ဖြစ်၍ အဝေးအနီး မရွေးဘဲ ဒုက္ခရောက် နေသူများအား တတ်အားသရွေ့ နှုတ်၏ စောင်မခြင်း၊ လက်၏ စောင်မခြင်းဖြင့် ဖေးမ ကူညီခြင်းဖြင့် ငြိမ်းချမ်း သာယာ၍ ရေရှည်ဖွံ့ဖြိုး တိုးတက်သော ကမ္ဘာ တည်ဆောက်ရေးတွင် ပါဝင်ကြပါရန် မြဝတီက တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger