ပညာရေး တွေးတတ်အောင်သင်
(ကလေးနှင့် သင်ယူမှု အခွင့်အလမ်း)
သန်းစိုးအောင်
အခြေခံပညာ ကျောင်းတစ်ကျောင်း ရဲ့ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ ကျွန်တော် ကိုယ်တိုင် မြားမြောင်လှတဲ့ ကိစ္စတွေကြားမှ အလယ်တန်း အဆင့် စကောလားရှစ် ပြိုင်ပွဲဝင်မယ့် ဒီကလေးကို စာသင်ပေးမိ ပါတယ်။
အတန်းပိုင် တစ်ဦးတည်းရဲ့ သင်ကြားမှုကို ခံယူပြီး အတန်းတွင်းနဲ့ အတန်းချုပ် စာမေးပွဲတွေမှာ ပထမရ ခဲ့တဲ့ ဒီကလေးကို စကောလားရှစ် စာမေးပွဲမှာလဲ အောင်ပွဲဆင် နိုင်ဖို့ ဆရာမ တစ်ယောက်က အင်္ဂလိပ်စာ၊ နောက် တစ်ယောက်က သင်္ချာ၊ မူလ အတန်းပိုင်က လူမှုရေး၊ ကျွန်တော် ကိုယ်တိုင်က မြန်မာစာ နဲ့ အထွေထွေ သုတရယ်လို့ ခွဲဝေပြီး တာဝန်ယူ ကြတာပါ။
ယခင်နှစ်က စကောလားရှစ် မေးခွန်းကို အခြေခံပြီး သင်ပေးတဲ့ အခါ ကလေးက စကားလုံး သတ်ပုံ လေ့ကျင့်ခန်းကို အမှားအယွင်း မရှိ ဖြေနိုင်တယ်။ ဖတ်စာအုပ် သင်ခန်းစာကို အခြေခံတဲ့ လိုရင်းဖြေ မေးခွန်း တွေကိုလဲ ဖြေဆိုနိုင်တယ်။ စာစီစာကုံး အတွေးကလဲ အခြေခံ ရှိသူမို့ မြန်မာစာ သင်ပေးရတာ အားရ စရာပါ။ ဒါပေမဲ့ တစ်နေ့မှာ စာသင်တာကို ခေတ္တရပ်ပြီး...
''သမီး ဟောဟို အပင်က ဘာပင်လဲ ... '' လို့ ပန်းခြံအတွင်းက လူတစ်ရပ် ခန့်ရှိ ထန်းပင်ငယ်ကို လက်ညှိုး ထိုးပြီး မေးလိုက်တယ်။ ထန်းပင်ငယ် က အလက် လေးငါးလက် မျှရှိပြီး အရွက်တွေက ပြန့်ကား နေပါတယ်။ သင်တဲ့ နေရာက ပန်းခြံအနီး ဗာဒံပင်အောက် ခုံတန်းလျား မှာပါ။ ကလေးက တစ်ချက် လှမ်းကြည့်ပြီး ''အုန်းပင်'' လို့ အဖြေ ပေးပါတယ်။ ကလေး အဖြေကြောင့် ကျွန်တော် မျက်လုံးကျယ် သွားပြီး ''သမီး အပင်နားကို သွားကြည့် ပြီးမှ ဖြေပါလို့'' ပြောတော့ ကလေးက မနီးမဝေး ရှိ အပင်လေး နားကို လျှောက်သွား တယ်။ ပြီးတော့ အုန်းပင်လို့ပဲ ဖြေပါတယ်။
ကျွန်တော်က ခေါင်းတဆတ်ဆတ် ညိတ်ရင်း ကျွန်တော့် အခန်းဝရှေ့ မြေမှာ ကပ်ပေါက်နေတဲ့ ငါးပေခန့်ရှိ သြဇာပင်လေးကို လက်ညှိုးထိုးပြီး ''အဲဒီအပင်ရော ဘာပင်လဲ'' မေးလိုက် ပါတယ်။
ကလေးက အပင်လေးကို တစ်ချက်ကြည့်ပြီး ''မာလကာပင်'' လို့ ဖြေပြန်တယ်။ ကျွန်တော် ကလေးအဖြေ ကြောင့် စိတ်အိုက် သွားစဉ် ရုတ်တရက် အကြံတစ်ခုကို ရလိုက်ပါတယ်။ အိမ်ခန်းထဲမှာ တူမက မွေးတဲ့ ပထမတန်း ကျောင်းသား မြေးငယ်လေး တစ်ယောက် ရောက်နေ ပါတယ်။ ဒီကလေးက ဝက်လက်နယ် ကပါ။ သူ့မိဘ ကတော့ ကျောင်းမှာ စာညံ့လို့ ကျွန်တော်တို့ မန္တလေးမှာ ကျောင်းထား မလို့တဲ့။
''သားငယ်ရေ... ဘဘဆရာကြီး ဆီကို လာပါအုံးကွယ် '' လှမ်းအော်ပြော တဲ့အခါ ကလေးက ခပ်သွက်သွက်လေး ပြေးထွက် လာပါတယ်။ ''ကဲ...သားငယ်ရေ။ ဒီအပင်က ဘာပင်လဲကွဲ့'' လို့ ကျွန်တော်က မေးလိုက်တယ်။ သားငယ်က အပင်ကို တစ်ချက် စူးစိုက်ကြည့်ပြီး ''သြဇာပင်''လို့ ပေါ့ပေါ့ပါးပါး နဲ့ အမှန်ကို ဖြေနိုင်ခဲ့တယ်။ စာသင်ပေး နေတဲ့ အလယ်တန်း စကောလားရှစ် ပြိုင်ပွဲဝင်မယ့် စတုတ္ထတန်း သမီးငယ်ရဲ့ မျက်နှာမှာ ပန်းနုရောင် ရှက်ပြုံးတွေ ဝေလို့။ တစ်ခုတော့ စာနာမိပါရဲ့။ သူက မြို့ပြက ကလေး၊ သူ့အမေက ရုံးဝန်ထမ်း၊ သူ့အဖေက ကုန်သည် တစ်ပိုင်း၊ ပန်းပုဆရာ၊ သူ့ဘဝနဲ့ ပတ်ဝန်းကျင် လေ့လာမှုက အလှမ်းဝေး နေဟန် တူပါရဲ့။
''ကျွန်တော်တို့ နိုင်ငံမှာ မြေဖြူနဲ့ သင်ပုန်းမှာ ရေးပြီး ဖတ်စာအုပ် ထဲကစာကို စာသင်ခန်း ထဲမှာသင်မှ စာသင်တယ်လို့ ယူဆနေတဲ့ ဆရာ၊ ဆရာမတွေနဲ့ မိဘတွေ မည်မျှရှိ နေပါသလဲ''။ ကြားဖူး၊ ကြုံဖူး သမျှထဲမှာ သုတ တစ်ခုကတော့ အိန္ဒိယနိုင်ငံမှာ စတုတ္ထတန်း (ကျွန်တော်တို့ နိုင်ငံက လက်ရှိ GRADE-5 ) အဆင့်ရှိ ကလေးတွေဟာ အတန်းတစ်ဆင့် တက်ဖို့အတွက် လေ့လာရေး (Excussion) ထွက်ရပါတယ်။ ပြီးတော့ စာတမ်းငယ် (Team Paper) တစ်ခု ရေးရပါတယ် တဲ့။ တကယ်တော့ ပညာရေးဟာ အားလုံး ဖွံ့ဖြိုး တိုးတက်မှုရဲ့ ရင်းမြစ် (Compuond Ground) လို့ ပြောဆို နေကြတဲ့ အသံတွေ ကျယ်ကျယ် လောင်လောင် ဖြစ်နေပါပြီ။
ကလေးကို စာသင်ခန်းထဲမှာ သာမက လက်တွေ့ဘဝနဲ့ ဆက်စပ် သင်ပေးဖို့ အတွေ့အကြုံ အားဖြင့် သင်ယူနိုင်တဲ့ အလေ့အကျင့် ကောင်းတွေ ရဖို့ ဆရာရော၊ မိဘပါ နှစ်ဦးနှစ်ဖက် တာဝန်ရှိ ပါတယ်။ စောစောက မြေးငယ် ကျောင်းသားလေး ဟာ ဖတ်စာအုပ် ထဲက စာကို ညံ့ချင်ညံ့ (မိဘအပြော) ပေမယ့် သူ့ရဲ့ ကျင်လည်ရာ ဘဝနဲ့ ဆက်စပ်ပြီး သင်ယူနိုင်တယ် ဆိုတာကို ''သြဇာပင်'' လို့ အမှန်ကို ဖြေဆို နိုင်တာက သက်သေခံ နေပါတယ်။
ဒါကြောင့် သစ်ပင်တစ်ပင် ဝါးတစ်ပင် အောက်မှာ သင်သည် ဖြစ်စေ၊ တဲကျောင်းလေး နဲ့ သင်သည် ဖြစ်စေ၊ အဲကွန်း တပ်ထားတဲ့ ခေတ်မီ စာသင်ခန်းထဲမှာ သင်သည် ဖြစ်စေ၊ ကလေးတွေရဲ့ သင်ယူမှုကို လက်တွေ့ဘဝနဲ့၊ သူတို့ရဲ့ အတွေ့အကြုံ တွေနဲ့ ဆက်စပ်ပြီး သင်ယူနိုင်တဲ့ အခွင့်အလမ်း တွေကို ဖန်တီးပေး နိုင်ကြမည် ဆိုလျှင်...။
#Yadanarpondaily
#ရတနာပုံနေ့စဉ်
No comments:
Post a Comment