www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 23, 2014

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာရိုဟဲအိ ဆာဆာကာဝါ အား လက်ခံတွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဂျပန်နိုင်ငံအစိုးရ၏ အထူးသံတမန် နှင့် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ရိုဟဲအိ ဆာဆာကာဝါ အား လက်ခံ တွေ့ဆုံစဉ်

နေပြည်တော် ၊ ၂၃-၁၂-၂၀၁၄

မြန်မာ - ဂျပန် နှစ်နိုင်ငံသည် ကောင်းမွန်သည့် သမိုင်းကြောင်း ရှိခဲ့ကြောင်း၊ ယခုနှစ် အတွင်း ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့သည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ချစ်ကြည်ရေး ခရီးစဉ်နှင့် မြန်မာ့တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့၏ ချစ်ကြည်ရေး ခရီးစဉ်များ သည်လည်း နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ချစ်ကြည် ရင်းနှီးမှု သမိုင်းသစ်ကို ဖော်ဆောင် ပေးခဲ့သည့် မှတ်တမ်းများ ဖြစ်ကြောင်း၊ ယင်းသို့ ချစ်ကြည် ရင်းနှီးမှု တိုးတက် ကောင်းမွန်စေရေး အတွက် ကဏ္ဍတစ်ရပ်မှ ဆောင်ရွက် ပေးခဲ့သည့် နီပွန် ဖောင်ဒေးရှင်း အားလည်း ကျေးဇူးတင်ရှိ ပါကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်၊ ဇေယျာသီရိ ဗိမာန် ဧည့်ခန်းမဆောင် ၌ ဂျပန်နိုင်ငံ အစိုးရ၏ အထူးသံတမန် နှင့် နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာရိုဟဲအိ ဆာဆာကာဝါ အား လက်ခံတွေ့ဆုံရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်(ရေ ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး မစ္စတာ ရိုဟဲအိ ဆာဆာကာဝါ နှင့်အတူ နီပွန် ဖောင်ဒေးရှင်းမှ အဖွဲ့ဝင်များ တက်ရောက် ကြသည်။

တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံဖွံ့ဖြိုး တိုးတက်မှု အတွက် ရုပ်ဝတ္ထုပစ္စည်း များထက် အတွေးအခေါ်၊ အယူအဆ၊ အတွေ့အကြုံ များက ပိုမိုတန်ဖိုး ရှိပါကြောင်း၊ ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်များ သွားရောက် ခြင်းဖြင့် နိုင်ငံဖွံ့ဖြိုး တိုးတက်မှု အတွက် အတွေးအခေါ်၊ အယူအဆ၊ အသိပညာ ဆိုင်ရာ အင်အားသစ်များ ရရှိစေပါ ကြောင်း၊ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေး၊ စည်းလုံး ညီညွတ်ရေး နှင့် ဖွံ့ဖြိုး တိုးတက်ရေး သည် တပ်မတော်၏ သဘောထား အမှန်ပင် ဖြစ်ကြောင်း၊ တိုင်းပြည် တည်ငြိမ် အေးချမ်းရေး အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် လက်ရှိ လျှောက်လှမ်း နေသည့် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းကို လက်ခံသည့် စိတ်ဓာတ်ရှိရန် လိုကြောင်း၊ တစ်ဆက် တည်းတွင် မိမိနိုင်ငံအပေါ် ယုံကြည်မှု ရှိရန်လည်း လိုကြောင်း၊ တစ်ဖက်မှာ လည်း မိမိ ဒေသနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကူညီဆောင်ရွက် ကြရန်လိုကြောင်း၊ ယင်း အချက်များနှင့် ပတ်သက်သည့် အပြုသဘော ဆောင်သော လုပ်ဆောင်ချက်များ ပြသရမည် ဖြစ်ကြောင်း၊ ပြည်သူလူထု ရွေးချယ်သော ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းကို လက်ခံပြီး ဒို့တာဝန် အရေးသုံးပါး ကို ထိပါးမှု မရှိပါက မည်သည့် အဖွဲ့အစည်းကို မဆို တပ်မတော် အနေဖြင့် လက်ခံ ကြိုဆိုရန် အသင့်ရှိ ကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။

နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌက ပြန်လည် ဆွေးနွေးပြောကြား ရာတွင် နိုင်ငံတော် အတွက်၊ ပြည်သူလူထု အတွက်၊ တည်ငြိမ် အေးချမ်းရေး အတွက် တပ်မတော်၏ လှိုက်လှဲစွာ လုပ်ဆောင် နေမှုများကို မိမိ နှလုံးသားထဲမှ အသိအမှတ်ပြု ပါကြောင်း၊ မိမိအနေဖြင့် မြန်မာနိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် ဂျပန်နိုင်ငံ၏ အထူး ကိုယ်စားလှယ် အဖြစ် တာဝန်ယူ ဆောင်ရွက် နေပါကြောင်း၊ နီပွန် ဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံ အတွက် ဆောင်ရွက် ပေးလျက်ရှိသည့် လူသားချင်း စာနာထောက်ထားမှု စီမံကိန်းများတွင် တပ်မတော်မှ ပူးပေါင်းပါဝင် လုပ်ဆောင်ပေးမှု များအတွက်လည်း ကျေးဇူးတင်ရှိ ပါကြောင်း၊ ငြိမ်းချမ်းရေး ကိစ္စရပ်များကို မြန်မာနိုင်ငံ၏ ပြည်တွင်းရေး ကိစ္စအဖြစ် မှတ်ယူ ဆောင်ရွက်ရေး အခြားနိုင်ငံများမှ ဝင်ရောက် စွက်ဖက်မှု မပြုရေး ရပ်တည်ချက် ကိုလည်း လုံးဝ ထောက်ခံပါကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်၏ တိုင်းပြည် ကာကွယ်ရေး ပြည်သူ့ဘဝ မြှင့်တင်ရေး အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စေတနာထား ကြိုးပမ်း ဆောင်ရွက်မှု များကိုလည်း သိရှိနားလည် ပါကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့်လည်း ယင်းသို့ တွေးခေါ် ယူဆမှုများ တူညီ လာစေရန် ကြိုးပမ်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဂျပန်နိုင်ငံအစိုးရ၏ အထူးသံတမန် နှင့် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ရိုဟဲအိ ဆာဆာကာဝါ တို့ အဖွဲ့ဝင်များနှင့်အတူ စုပေါင်း ဓာတ်ပုံရိုက်စဉ်

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌတို့သည် အဖွဲ့ဝင်များ နှင့်အတူ စုပေါင်း အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ ကြကြောင်း သိရှိရသည်။(၁၀၀)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger