e-Government နှင့် ပြည်သူ
အီလက်ထရွန်နစ် နည်းပညာရပ် ဖြစ်သည့် အွန်လိုင်း ဆက်သွယ် အသုံးပြုမှု သည် တဖြည်းဖြည်း ကျယ်ဝန်းနက်ရှိုင်း လာလျက် ရှိသည်။ နယ်ပယ်စုံ၊ ကဏ္ဍစုံ တို့တွင် အွန်လိုင်း ဆက်သွယ် အသုံးပြု မှုသည် လူမှု အသိုက်အဝန်း
အကြား လျင်မြန်စွာ ဖွံ့ဖြိုး လာနေသည်။ သတင်း အချက်အလက် ဆက်သွယ်ရေး ခေတ်ကြီးတွင် အင်တာနက် အသုံးပြုသူ များပြားခဲ့သည်။ ဤသို့ဖြင့် ကွန်ပျူတာ၊ အီးမေးလ်၊ အင်တာနက် ခေတ်စားလာမှုနှင့် အညီ ပြည်သူများ အကြား၊ အစိုးရများ အကြား၊ e-Government စီမံကိန်း အခန်းကဏ္ဍသည် အရေးပါ လာခဲ့ပြီ ဖြစ်သည်။
e-Government အဓိပ္ပာယ်သည် တစ်စတစ်စ ကျယ်ပြန့် လာသော ဝေါဟာရ အသုံးအနှုန်း ဖြစ်သည်။ e-Government ကို ရှုထောင့်မျိုးစုံမှ အဓိပ္ပာယ်ဖွင့်ကြသည်။ မည်သို့ပင်ဖြစ်စေ လက်ရှိ အစိုးရဌာန များ၏ လုပ်ငန်းများ ယခုထက် ပိုမိုလျင်မြန်သွက်လက် လာစေရန် ခေတ်မီ အိုင်တီနည်းပညာ ကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲ လာခြင်းဖြင့် e-Government ဖော်ဆောင် သွားကြရမည် ဖြစ်သည်။
e-Government သည် အစိုးရနှင့် ဝန်ကြီးဌာန အသီးသီး၏ ဌာနဆိုင်ရာ လုပ်ငန်းများကို အွန်လိုင်းမှ တစ်ဆင့် လျင်မြန်စွာ လုပ်ဆောင် ပေးနိုင်မည့် စီမံကိန်း ဖြစ်သည်။ ဤ စီမံကိန်း အမှန်တကယ် ဖြစ်ထွန်း အောင်မြင် လာမည်ဆိုပါက အစိုးရနှင့် ဌာနဆိုင်ရာ လုပ်ငန်းများ လျင်မြန် သွက်လက်စွာ ဆောင်ရွက် လာနိုင်မည် ဖြစ်ကာ လုပ်ငန်းများ ပိုမိုလျင်မြန် လာမည် ဖြစ်သည်။
ဤသို့ e-Government ကို ပီပြင်စွာ ဖော်ဆောင် လာနိုင်သည်နှင့် အမျှ အစိုးရဌာန ဆိုင်ရာ လုပ်ငန်းများ သာမက ၄င်းနှင့် ဆက်စပ်လုပ်ကိုင် ရသော ကုမ္ပဏီများ၊ လူမှုရေး အဖွဲ့အစည်း များသည်လည်း ပိုမိုမြန်ဆန် ထိရောက်စွာ ဆောင်ရွက် နိုင်မည် ဖြစ်သည့်အပြင် ပြည်သူတို့၏ လူမှုစီးပွားဘဝ များလည်း လျင်မြန်စွာ တိုးတက်လာမည် ဖြစ်သည်။
ယခုအခါ ပြည်ထောင်စု အစိုးရ၏ e-Government စီမံကိန်းကို အကောင်အထည် ဖော်နိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသ အသီးသီးရှိ ကွန်ပျူတာ ပညာရှင်များ အသင်းနှင့် လုပ်ငန်းရှင်များ ပူးပေါင်း၍ ဒေသတွင်း e-Government ကော်မတီများ ဖွဲ့စည်း ဆောင်ရွက်လျက် ရှိသည်။ ဤစီမံကိန်း အကောင်အထည် ဖော်လိုက်ခြင်းဖြင့် လုပ်ငန်းများ ပိုမိုမြန်ဆန် လာပြီး ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများ ယခုထက်ပိုမို လျင်မြန်စွာ ဆောင်ရွက် လာနိုင်မည် ဖြစ်သည်။
သို့ဖြစ်ရာ e-Government စီမံကိန်း အကောင်အထည် ဖော်ရေး နိုင်ငံတော်မှ ကြိုးစားနေသည့် နည်းတူ ဝန်ထမ်းများ၊ ပြည်သူများ ကလည်း ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမျှ ပါဝင်၍ ဖော်ဆောင်ခြင်းဖြင့် အချိန်တို ကာလအတွင်း အကောင်အထည် ဖော်ဆောင်ရွက် နိုင်မည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။
#Yadanarpondaily
#ရတနာပုံနေ့စဉ်
No comments:
Post a Comment