ဥတုပြောင်း နှင့် ချောင်းဆိုးရောဂါ
ကြည်မြင့်လွင် (မုဒြာ)
ဆောင်းဥတု အကူးတွင် မိုးရွာသော အခါ ဥတု ပျက်ခြင်းကြောင့် ချောင်းဆိုးရောဂါ ရတတ်သည်။ ရှေးလူကြီး များက ''ဝသန်ကြွင်း မိုးကောင်း ချောင်းတဟွတ်ဟွတ်. .. ဆားလှော်နှင့် ချွတ်'' ဟု ဆိုကြသည်။ ဝသန်ကြွင်းမိုး ဆိုသည်မှာ ဝဿန္တဥတု (မိုးဥတု) ၏ အကြွင်းအကျန် မိုးရွာခြင်းဟု ဆိုလိုသည်။ ထိုမိုးရွာလျှင် လူအများ နေမကောင်း ဖြစ်ပြီး ချောင်း တဟွတ်ဟွတ် ဆိုးကြမည်။ ထိုအတွက် ရေနွေးကြမ်းတွင် ဆားလှော် အနည်းငယ် ထည့်သောက် ခြင်းဖြင့် ချွတ်ရမည်။ ပျောက်ကင်းအောင် ကုရမည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ရှေးက လူကြီးများသည် ဥတု အကူးအပြောင်း တွင် ရေအေးမသောက် ရေနွေးကြမ်း အဖန်ရည်ကိုသာ သောက်လေ့ ရှိကြသည်။ ထို ရေနွေးကြမ်း (အဖန်ရည်) သောက်ခြင်း ကြောင့် လေမချုပ် စေရန် ဆားလှော် အနည်းငယ် ထည့်သောက်လေ့ ရှိကြသည်။ ရိုးရာ ရေနွေးကြမ်းဝိုင်း တွင် ဆားလှော်ဘူးသည် မပါမဖြစ် ဖြစ်သည်။ ရှေးလူကြီး များသည် နံနက် အိပ်ရာထ သွားတိုက် လျှင်လည်း ယခုခေတ် ကဲ့သို့ သွားတိုက်ဆေး မပေါ်မီက ဆားဖြင့်ပင် သွားတိုက် ကြသည်။ ဆားသည် အပူနှင့် အပုပ်ကို နိုင်သော အရာ ဖြစ်သည်ဟု ယူဆကြသည်။
ဆောင်းဥတု ကူးသောအခါ တောင်လေ တိုက်သည်မှ မြောက်လေ ပြောင်း၍ တိုက်ခတ်သည်။ အအေးဓာတ်ကို သယ်ဆောင် လာသော လေသည် မြောက်အရပ်မှ လာသည်။ ထို့ကြောင့် မြောက်အရပ်သို့ မျက်နှာပြု ထားသော နေအိမ်တွင် နေထိုင် သူများသည် အခြား အရပ်ကို မျက်နှာပြုသည့် နေအိမ်တွင် နေထိုင်သူ များထက် ပို၍ ချောင်းဆိုး ရောဂါရလေ့ ရှိသည်ဟု အယူအဆ ရှိသည်။ ထို ချောင်းဆိုး ရောဂါ သည် လွယ်လွယ်နှင့် မပျောက်တတ်ဘဲ ရက်ရှည်ကြာ လာလျှင် ချောင်းအစိုမှ ချောင်းအခြောက် ရောဂါသို့ ပြောင်းလဲ သွားတတ်သည်။
ချောင်းဆိုးခြင်း သည် သာမန်ရောဂါ လေးမျှသာ ဖြစ်သော်လည်း လူကြားသူကြား သွားသောအခါ အလွန်ပင် ဒုက္ခပေးသည်။ တရားပွဲ နှင့် အစည်းအဝေး များတွင် ချောင်းဆိုးသူ ပါလျှင် အနှောင့်အယှက် ဖြစ်တတ်သည်။ ညအိပ်ရာ ဝင်ချိန်တွင် ချောင်းဆိုးသူ တစ်ဦးရှိလျှင် အိမ်ရှိ အခြား လူများပါ အိပ်မပျော် ဖြစ်ကြ ရသည်။ ချောင်းဆိုးခြင်း အတွက် မြန်မာ့ရိုးရာ ဆေးမှာ လျက်ဆားပင် ဖြစ်သည်။
ခန္ဓာသုခလျက်ဆားဆေးနည်း
၁။ နွယ်ချို ၁၂ကျပ်သား ၂။ သိန္ဓော ၂ကျပ် ၈ပဲ ၃။ ဇဝက်သာ ၅ကျပ်သား ၄။ ဆားပုပ် ၂ကျပ် ၈ပဲ ၅။ လက်ချား ၈ပဲ ၆။ နံ့သာဖြူ ၄ပဲ ၇။ ကွမ်းစားဂမုန်း ၄ပဲ ၈။ ဇာတိပ္ဖိုလ်သီး ၄ပဲ ၉။ ဇာတိပ္ဖိုလ်ပွင့် ၄ပဲ ၁ဝ။ စမုန်မျိုးငါးပါး ၄ပဲစီ
(စုစုပေါင်းဆေးချိန် ၂၄ကျပ်သား)
ဤဆေးတွင် နွယ်ချို အများဆုံး ပါသဖြင့် နွယ်ချို ကဲ လျက်ဆား ဟုလည်း ခေါ်ကြသည်။ ရာသီဥတု အပြောင်းအလဲ တွင် ဖြစ်တတ်သော ချောင်းဆိုး ရောဂါများ၊ လေထိုး လေအောင့် ရောဂါ၊ သလိပ်ကပ် ရောဂါ၊ ခံတွင်းပျက် ရောဂါ၊ ပါးစပ်ခါး အစားပျက် သောရောဂါ တို့အတွက် ရိုးရိုး လျက်ပေးခြင်း ဖြင့်လည်းကောင်း၊ သံပရာရည်၊ ရှောက်ရည် တို့ဖြင့် ဖျော်စပ်၍ လျက်ပေးခြင်း ဖြင့်လည်းကောင်း ပျောက်ကင်း သက်သာ စေနိုင်ပြီး အရသာ ကောင်းသော လျက်ဆား ဖြစ်သည်။
#Yadanarpondaily
#ရတနာပုံနေ့စဉ်
No comments:
Post a Comment