www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, November 8, 2014

အပူငုပ်သော ဆောင်းဦးရာသီ


အပူငုပ်သော ဆောင်းဦးရာသီ

ကြည်မြင့်လွင် (မုဒြာ)

ဆောင်းမှာ ချွေးမထွက်၊ အေးစက်တဲ့ ရာသီ
ကိုယ်တွင်းမှာ အပူကိန်း၊ ငြိမ်းစေတဲ့ ဆေးကိုမှီ
လည်ချောင်းနာ အသံပျက်၊ တစ်ဟက်ဟက် ချောင်းသံစည်။

စာဆိုနှင့်အညီ ဆောင်းဦးပေါက် ရာသီ ရောက်လာသည် နှင့် အပူငုပ်၍ ဆိုးသည့် ချောင်းသံများကို ကြားလာရသည်။ လည်ချောင်းနာ၊ အသံဝင်နှင့် အတူ အပူအထက် ကန်၍ မျက်စိကျိန်း၊ မျက်စိနာခြင်း များလည်း ဖြစ်လေ့ ရှိသည်။ ချွေးမထွက် သဖြင့် အသားပပ်ခြင်း၊ မျက်နှာတွင် နီရဲသော အဖုများထွက်ခြင်း၊ ဝမ်းတွင်း အပူများ သဖြင့် ဝမ်းသွေးပါခြင်း၊ ဝမ်းကိုက်ခြင်း စသည့် ရောဂါများ ဖြစ်တတ်သော ရာသီဖြစ်သည်။

ပူလျှင် အအေးပေး၊ အေးလျှင် အပူပေး ဟူသော သမားစဉ် ကုထုံးအတိုင်း ဝမ်းတွင်းအပူ နိုင်ဖို့အတွက် အပူသတ်ဆေး၊ အပူငြိမ်းဆေး ပေးရမည့် ရာသီ ဖြစ်သည်။ ရောဂါဖြစ်မှ စားသည်ထက် ကြိုတင် ကာကွယ်ခြင်းက ကောင်းသည်။ ဆောင်းဥတု တွင် နေကောင်း ကျန်းမာလိုလျှင် အပူငြိမ်း စေသည့် ဆေး တစ်မျိုးမျိုးကို နေ့စဉ် သောက်သုံး သင့်သည်။

ရေချိုးခြင်းနှင့် ရေသောက်ခြင်း ကိစ္စတွင် ဆောင်းဥတု၌ ရေချိုးခြင်းကို လျှော့ပြီး ရေသောက်ခြင်း ကို ပိုတိုးရမည်။ ရေတစ်နေ့ နှစ်ကြိမ် ချိုးလေ့ရှိသူများ တစ်ကြိမ်သာ ချိုးသင့်သည်။ နံနက်စောစော နှင့် ညအိပ်ရာ ဝင်ချိန် ရေချိုးခြင်းကို ရှောင်ကြဉ် သင့်သည်။ နေထန်းတစ်ဖျား ရှိချိန်မှ နေမွန်းတည့် ချိန်အတွင်းသာ ရေချိုးသင့် သည်ဟု ရှေးလူကြီးများ ပြောခဲ့ကြ သည်ကို မှတ်သား သင့်သည်။ အအေးပတ် ခြင်းကြောင့် သွေးကြောများ ကျုံ့ပြီး သွေးတိုး တက်ကာ လေဖြတ်သူ များ ဆောင်းဦး ရာသီတွင် အလွန်တွေ့ ရလေ့ ရှိသည်။

လေ့ကျင့်ခန်း ပြုလုပ်သူများမှ လွဲ၍ ချွေးမထွက်သော ရာသီ ဖြစ်သောကြောင့် ဝမ်းတွင်းတွင် အပူများသည်။ အပူသည် ကိုယ်တွင်းဝယ် ငုပ်နေသည်ဟု ဆိုသည်။ အပူကန် စေသောအစာ ဥပမာ - ဒူးရင်းသီး၊ အုန်းနို့၊ ဒန်ပေါက်ထမင်း စသည်တို့ကို လွန်စွာ မစားသင့်ပေ။ အပူကန်ပြီး ယားယံခြင်း၊ အပူဖုများ ထွက်ခြင်းကို ဖြစ်လာနိုင်သည်။ ချိုသော အစာ၊ အေးသောအစာ၊ အေးသောဆေး တို့ကို စားသုံး မှီဝဲခြင်းဖြင့် ကျန်းမာ စေနိုင်သည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger