www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 8, 2014

ကျောက်ကပ်ရောဂါ သတိပြုစရာ


ကျောက်ကပ်ရောဂါ သတိပြုစရာ

ကြည်မြင့်လွင် (မုဒြာ)

မြို့တစ်မြို့၏ သန့်ရှင်းရေး ကောင်းမွန်သော အင်္ဂါရပ်မှာ ရေစီး ရေလာ ကောင်းမွန်သော ရေမြောင်း များနှင့် ရေဆိုး ထွက်ပေါက်များ ဖြစ်သည်။ အညစ်အကြေး မှန်သမျှ ကင်းစင်အောင် ပြင်ပသို့ ထုတ်ပေး နိုင်မှသာ သန့်ရှင်း၍ ကျန်းမာရေး ကောင်းမွန်သော မြို့တော် ဖြစ်ပေမည်။ မြို့တွင်းမှ အညစ်အကြေး များ၊ ရေဆိုးများ ကုန်စင်အောင် အပြင်သို့ ထွက်မသွားလျှင် အနံ့အသက် ဆိုးသော အညစ်အကြေး များကြောင့် မြို့သူမြို့သား အပေါင်း ဒုက္ခရောက် ကြမည် ဖြစ်သည်။

လူ့ ကိုယ်ခန္ဓာ အတွင်းမှ ကျောက်ကပ် သည် မြို့အင်္ဂါ ဖြစ်သော ရေဆိုးထုတ်သည့် မြောင်းများနှင့်အလားသဏ္ဌာန် တူသည်။ ခန္ဓာကိုယ် အတွင်းမှ အညစ်အကြေး ရေဆိုး များကို သန့်စင် ထုတ်ရန် အတွက် တာဝန်ယူ ဆောင်ရွက်သော အင်္ဂါ အစိတ်အပိုင်း ဖြစ်သည်။ အလွန် အရေးကြီးသော တာဝန် ဖြစ်သဖြင့် ကျောက်ကပ် သည် အခြား အင်္ဂါများ ကဲ့သို့ တစ်ခုတည်း မဟုတ်ဘဲ နှစ်ခု ပါလာသည်။ အသုံး များသော ပစ္စည်း ဖြစ်သဖြင့် သဘာဝ တရားကြီးက တစ်ခုအပို ထည့်ပေး လိုက်သည်ဟု ဆိုကြသည်။

မိုးရွာလျှင် ရေများများ စီးဆင်းလျှင် ရေမြောင်းများမှ အမှိုက် သရိုက် အညစ်အကြေး များ မျောပါ သွားနိုင်သည်။ ရေသည် သန့်ရှင်းမှု အတွက် စီးဆင်း စေသော တွန်းအား ဖြစ်သည်။ ထို့အတူ ကျောက်ကပ် များသည်လည်း ခန္ဓာကိုယ် တွင်းမှ အညစ်အကြေး များကို ဆီးအဖြစ် စွန့်ထုတ်ရန် ရေများများ လိုအပ်သည်။ ရေသောက် နည်းသော သူတို့၏ ကျောက်ကပ် သည် အညစ်အကြေး များ ခိုအောင်းပြီး ရောဂါ ရစေ နိုင်သည်။ ကျောက်ကပ် တွင် စစ်ထုတ် နိုင်သော ဆန်ခါများ ရှိသည်။ ရေသောက် နည်းလျှင် ထိုဆန်ခါ (ဇကာ) များတွင် အညစ်အကြေး များ တင်ကျန် ပိတ်ဆို့ကာ ကျောက်ကပ် ပိတ်ပြီး ပျက်စီး နိုင်သည်။

ကျောက်တည် ရောဂါ သည်လည်း ကျောက်ကပ် ပျက်စီး စေသော အကြောင်း တစ်မျိုး ဖြစ်သည်။ ကွမ်းစားသော ဓလေ့ သည်လည်း ကျောက်ကပ်တွင် ကျောက်တည် ရောဂါ ဖြစ်စေနိုင်သော အကြောင်း ဖြစ်သည်။ တွင်းရေ၊ ကန်ရေများ သောက်သုံး ၍လည်း ဖြစ်နိုင်သည်။ 

ရေပေးရေး ရေတွင်လည်း တစ်ခါတစ်ရံ မြောင်းရေများ ရောပါ လာပြီး မသန့်မရှင်း ဖြစ်တတ်သည်။ ရေသန့်ဘူး အချို့တွင်ပင် အနည်များ ပါဝင် သည်ကို တွေ့ရ ဖူးသည်။ ထုံးဓာတ် ပါသည်ဟု မသင်္ကာသော ရေများကို ကြိုချက် လိုက်လျှင် အိုးများတွင် ရေချိုးများ ကပ်လာလျှင် မသောက်သုံး သင့်သောရေ ဖြစ်သည်။

ဓာတုဗေဒ အရောင် ဆိုးဆေးများ သုံးစွဲ ထားသည့် စားစရာများ နှင့် မုန့်မျိုးစုံ တို့ကြောင့် ကလေးများ တွင်ပင် ကျောက်ကပ် ရောဂါ ဖြစ်ပွား နေသည်ကို တွေ့ရသည်။ ငါးတန်း ကျောင်းသား အရွယ် ကလေးတစ်ဦး ခါးနာရောဂါ ဖြစ်နေသည်ဟု လာပြ၍ စစ်ဆေး ကြည့်သောအခါ ကျောက်ကပ် ရောဂါကြောင့် ခါးနာနေခြင်း ဖြစ်သည်ကို တွေ့ရသည်။ ကျောက်ကပ်တွင် ကျောက်တည် နေသူများ မကြာခဏ ခါးနာ တတ်သည်။ ထိုခါးနာကို အကိုက်အခဲ ပျောက်ဆေးများ သောက်လျှင် ကျောက်ကပ် အတွက် ပို၍ပင် ဆိုးစေသည်။

ရေများများ သောက်ခြင်းသည် ကျောက်ကပ် အတွက် ကောင်းစေ သော်လည်း အချိုရည် (အထူးသဖြင့်) သံဘူး အချိုရည် သောက်သူများ ကျောက်ကပ် ရောဂါ ဖြစ်စေ နိုင်သည်။ ဆီးချိုရောဂါ ကြောင့် သွေးတွင်း သကြားဓာတ် များခြင်းသည် ကျောက်ကပ် များကို ပျက်စီး စေနိုင်သည်။ အပူအစပ် အစားများခြင်း၊ တညင်းသီး အစားများခြင်း၊ အငန်နှင့် ဟင်းချိုမှုန့် အစားများခြင်း တို့ကြောင့်လည်း ကျောက်ကပ်များ ပျက်စီး စေနိုင် သည်ကို သတိပြုကြ စေလိုသည်။

ကျောက်ကပ် ကောင်းစေရန် အိပ်ရာဝင် နှင့် အိပ်ရာထ ချိန်တွင် ရေများများ သောက်ပေးပါ။ သဘာဝ အသီးအနှံ မြင်းခွာရွက်၊ ကန်စွန်းရွက်၊ ပြည်ပန်းညို ရွက်၊ ပုစွန်စာရွက်၊ ငရံ့ပတူရွက်၊ ထိကရုံးရွက်၊ တော ဆီးဖြူရွက်၊ ရှောက်ရွက်၊ ဒန့်သလွန်ရွက်၊ အဝေရာရွက် တို့ကို နေ့စဉ် စားသုံး သင့်ကြောင်း တင်ပြ လိုက်ရ ပေသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger