www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 23, 2014

ဆရာစိတ်ဖြင့် ပညာရေး မြှင့်တင်


ဆရာစိတ်ဖြင့် ပညာရေး မြှင့်တင်

နိုင်ငံတစ်နိုင်ငံ ၏ ဖွံ့ဖြိုး တိုးတက်မှုအတွက် ပညာရေး ဖွံ့ဖြိုးမှုသည် အဓိက ဖြစ်သည်။ ခေတ် အဆက်ဆက် ကမ္ဘာ့ နိုင်ငံများ၏ ဖွံ့ဖြိုး တိုးတက်မှု အပေါ် ထိုနိုင်ငံ၏ ပညာရေး ဖွံ့ဖြိုး တိုးတက်မှု အနိမ့် - အမြင့် က အဆုံးအဖြတ် ပြုခဲ့ကြောင်း သမိုင်းက သက်သေခံ ခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံ သည် သူ့ကျွန်ဘဝ နှစ်ပေါင်းများစွာ ကျရောက် ခဲ့ဖူးသည်။ မျိုးချစ်စိတ်ဓာတ် မရှိ၍ မဟုတ်။ သတ္တိအရာ အားနည်း၍ မဟုတ်။ နည်းပညာ အားနည်းမှု ကြောင့်သာ အချိန်တို အတွင်း၌ပင် တစ်နိုင်ငံလုံး လွတ်လပ်ရေး ဆုံးရှုံး၍ သူ့ကျွန်ဘဝ ကျရောက်ခဲ့ ရသည်။ ထို အဖြစ်အပျက်သည် ပညာ၏ အဓိက ကျသော လက်တွေ့ သာဓက သမိုင်း သင်ခန်းစာ ဖြစ်သည်။

ယနေ့ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်သည် ပွင့်လင်း လူ့အဖွဲ့အစည်း နှင့်အတူ လိုက်လျောညီထွေ ပညာရေး၊ တစ်နည်း အားဖြင့် ဆိုရပါမူ လက်တွေ့ကျသော ပညာရေးကို အကောင် အထည်ဖော် ပြုပြင် ပြောင်းလဲမှုများ လုပ်ကိုင်ရန် ကြိုးစားနေပြီ ဖြစ်သည်။ မြေစမ်း ခရမ်းပျိုး၍ နောက်ဆုံးတွင် မြေဆီ လည်းခန်း၊ ပန်းလည်း နွမ်းသော အခြေအနေမျိုး မဖြစ်စေရန် ကြိုးစား အားထုတ်လျက် ရှိသည်။

ယခု ပြုပြင်ရန် ဦးတည်ကြိုးစား နေသော လက်တွေ့ ကျသော ပညာရေးတွင် ဖြတ်သန်း လာခဲ့သော ပညာရေး သမိုင်းကြောင်း မှ သင်ခန်းစာ များကို ရယူ၍ ပြုပြင် ပြောင်းလဲမှုကို ခိုင်ခိုင်မာမာ တည်ဆောက် ရယူနိုင်ရန် လိုသည်။ ပညာရေး ပြုပြင် ပြောင်းလဲမှုတွင် မူကိုပြင် နိုင်ရန် လိုသည်။

ထို့အတူ ပညာရေး ဖွံ့ဖြိုးမှုကို လက်တွေ့ အကောင်အထည် ဖော်ဆောင် နေကြသော ဆရာများ၏ အရည်အချင်း နှင့် အရည်အသွေး မြှင့်တင်ရန်လည်း လိုသည်။ သို့မှသာ လူနှင့်မူ ဟန်ချက်ညီ၍ ပညာရေး ပြုပြင် ပြောင်းလဲမှုများ အကောင် အထည်ဖော် အောင်မြင် နိုင်မည် ဖြစ်သည်။

မူချမှတ် ရန်မှာ သက်ဆိုင်ရာ၏ အခန်းကဏ္ဍ ဖြစ်ပြီး ဆရာ၊ ဆရာမ များ အရည်အသွေး မြှင့်တင်ရာတွင် ဆရာကောင်း တစ်ဦး ဖြစ်ရန်မှာ အခြေခံ ဆရာစိတ် (ဆရာ့ကျင့်ဝတ် နှင့် ပြည့်စုံသော စိတ်) ကို ပြည့်ဝ နေစေရန် လေ့ကျင့် ပျိုးထောင် ပေးရန် လိုသည်။ ဆရာစိတ် မရှိသော ဆရာများ ပညာရေး နယ်ပယ်တွင် များပြား လာပါက ရည်မှန်းချက် ပန်းတိုင် ရောက်နိုင်မည် မဟုတ်ပေ။

သို့ဖြစ်ရာ နိုင်ငံ တစ်နိုင်ငံ ဖွံ့ဖြိုးမှု၏ အခရာ ဖြစ်သော ပညာရေး ဖွံ့ဖြိုးမှု အတွက် ပညာရေး နယ်ပယ်မှ သက်ဆိုင်ရာ တို့က ကောင်းမွန် မှန်ကန်သည့် မူများ ချမှတ် အကောင် အထည်ဖော် သကဲ့သို့ ဆရာများ အနေဖြင့်လည်း ကလေးများ အပေါ် ဆူကြုံနိမ့်မြင့် ကျောသား ရင်သား မခွဲခြားဘဲ တစ်ပြေးညီ ချစ်ခြင်းမေတ္တာ ဖြန့်ကြက် နိုင်မည့် ဆရာစိတ်ဖြင့် လက်တွေ့ ကျသော ပညာရေး ပြုပြင် ပြောင်းလဲမှုကို အရှိန်အဟုန် မြှင့်၍ အောင်မြင်မှု ရယူနိုင်မည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger