www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 8, 2014

ဝါကျွတ်ချိန်ခါ မြန်မာမှု အစဉ်အလာ


ဝါကျွတ်ချိန်ခါ မြန်မာမှု အစဉ်အလာ

သီတင်းကျွတ်လ သည် မိုးမကုန် သေးသော်လည်း နေရောင်ခြည် ဖြာစပြု လာပြီဖြစ်၍ သာယာတော့မည့် ဆောင်းရာသီ ၏ အရုဏ်ဦး အချိန်ဖြစ်သည်။ သီတင်းကျွတ်လ သည် မြန်မာ့ တစ်ဆယ့်နှစ်လ ရာသီတွင် သတ္တမမြောက် လဖြစ်သည်။ ၀ါတွင်းသုံးလ ၌ သီတင်းသီလ ကျင့်သုံး ဆောက်တည် နေထိုင်သည့် ကာလမှ ကျွတ်လွတ် သောကြောင့် " သီတင်းကျွတ်လ " ဟု ခေါ်ဆိုသည်။

ဝါလကင်းလွတ် သီတင်းကျွတ်လ သည် မြန်မာတို့၏ ၀ါကျွတ်ချိန်ခါ ဖြစ်ပြီး မြန်မာမှု အစဉ်အလာအရ သက်ကြီးရွယ်အို ၊ ဘိုးဘွားမိဘ ၊ ဆရာသမား တို့အား ပူဇော်ကန်တော့ သော ဓလေ့ ရှိကြသည်။

" ဆဒ္ဒန်ပိုင် ညီလာခံသည် သီဟာပျံ ဗွေ့မော့ ၊ ဒီပါလျှံ ကေလျှောလို့ ၊ ရွှေကန်တော့ ခံချိန် ၊ ရတနာ ထီးစင်းကြို့ နှင့် ၊ မီးမြင်းမိုရ် ညီးပျို့ ထိန်ထိန် " ဟု မြန်မာမင်းများ လက်ထက်က ၀ါကျွတ် ကန်တော့ပွဲကို နန်းတော် အတွင်း၌ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပုံကို စာဆို ဦးကြော့ က တေးထပ် ဖွဲ့၍ မှတ်တမ်း ပြုခဲ့သည်။

" ဌာန်တော်ဆီ ၊ တကြော့ ကလေးဆံကို ဖြီလို့ ၊ ကန်တော့မှီ ပြန်လိုက် စမ်းချင်လှ ၊ နန်းမြို့ ရိပ်ဟောင်း ကိုလ ၊ သော်တာ ၊ မျှော်ပါ ရောခါ ရမ်းရတယ်ရှင် ၊ လွမ်းဖို့ မိတ်ပေါင်း " ဟူ၍လည်း ၀ါကျွတ်ကာလ သက်ကြီး ပူဇော်ပွဲကို ပါဝင် ဆင်နွှဲလိုသော ဆန္ဒကြီးမားစွာ ဖြင့် ပူဇော် ကန်တော့ပွဲ အမီ မိမိဌာနေသို့ ပြန်လိုသော စိတ်များ ဖုံးလွှမ်းကာ ရပ်ဝေး တစ်နေရာကနေ မှန်းဆ တမ်းတ လွမ်းတသသ ဖြစ်ရရှာသူများ ရှိနေကြသည် ကိုလည်း ရှေးစာဆို တစ်ဦးက သီတင်းကျွတ်လ ခွန်းထောက် တစ်ပုဒ်ဖြင့် ရေးဖွဲ့ ထားသည်ကို မှတ်သားရသည်။

ထို့ပြင် သီတင်းကျွတ် လပြည့်နေ့တွင် ဗုဒ္ဓမြတ်စွာ ဘုရားရှင် အား ရည်မှန်း၍ ဆီမီးရောင်စုံ တို့ဖြင့် ပူဇော် ကြသကဲ့သို့ သက်ကြီး ၀ါကြီး များအားလည်း ပူဇော် ကန်တော့ ကြသည့် ဓလေ့သည် ယနေ့ ထက်တိုင် အစဉ်အလာ မပျက် ရှိနေပေသည်။

ဓမ္မအကြောင်း ရှုထောင့်မှ ကြည့်လျှင် ပူဇာစ ပူဇနေယျာနံ မင်္ဂလာ ၊ ဒါနမင်္ဂလာ ၊ ဂါရ၀ မင်္ဂလာ ၊ နိဝါတ မင်္ဂလာ ၊ ကတညုတ မင်္ဂလာ ၊ သောဝစသ မင်္ဂလာ တရားတော် များဖြင့် အကျိုးထူး များကို ခံစား နိုင်သည်။

လောက အကြောင်း အနေဖြင့် ကြည့်လျှင် သက်ကြီး ရွယ်အို များထံမှ အဖိုးတန်သော ဆုံးမစကား များကို နာကြားရခြင်း ၊ ပညာရှိ သူတော်ကောင်းများ ချီးမွမ်းခြင်း ကို ခံရခြင်း ၊ လူချစ် လူခင် ပေါများခြင်း ၊ ယဉ်ကျေးသူ များဟု အသိအမှတ်ပြု ခံရသော အကျိုးတရား များကို ရနိုင်သည်။ သက်ကြီး ၊ ၀ါကြီး များအား ပူဇော်ကန်တော့ ခြင်းသည် အပြစ်ကို ကုစားသော ၊ အပြစ်ကို ပပျောက် စေနိုင်သော နည်းတစ်နည်း ဖြစ်သည်။

သို့ဖြစ်ရာ ဗုဒ္ဓမြတ်စွာ ဘုရားရှင် ဟောကြား တော်မူခဲ့သော တရားတော်များ ထဲတွင် သံသရာ ခရီးသည် များသည် မျက်မှောက် ဘ၀၌ ဖြစ်စေ ၊ အတိတ်ဘ၀၌ ဖြစ်စေ ကိုယ်နှုတ်နှလုံး သုံးပါး တစ်ပါးပါးဖြင့် တစ်ဦးအပေါ် တစ်ဦး မြစ်မှားမှုများ ရှိနိုင်ပြီး ထို အပြစ်တို့ကို တောင်းပန် ပူဇော် ကန်တော့သော နည်းဖြင့် ပပျောက် စေနိုင်ကြောင်း ဗုဒ္ဓဘာသာ အနွယ်ဝင် သူတော်စင် အပေါင်း နားလည် သိရှိစေရန် ရေးသား တင်ပြ လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger