www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 24, 2014

စက်မှုကျွမ်းကျင် လုပ်သားများ မွေးထုတ်


စက်မှုကျွမ်းကျင် လုပ်သားများ မွေးထုတ်

ယခုအခါ မြန်မာနိုင်ငံ၌ နိုင်ငံနှင့်အဝန်း အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖြစ်ထွန်း ပေါ်ပေါက်လာရန် အားပေး ဆောင်ရွက်နေချိန် ဖြစ်သည်။ တစ်နည်းအားဖြင့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖြစ်ထွန်း ပေါ်ပေါက်လာရန် အားပေးမြှင့်တင် ဆောင်ရွက် နေချိန် ဖြစ်သည်။ အဆိုပါ လုပ်ငန်းများ တိုးတက်လာရန် အဓိက လိုအပ်ချက် တစ်ရပ်မှာ စက်မှု ကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးရန် ဖြစ်သည်။

စက်ရုံ အလုပ်ရုံ တစ်ခုအတွက် အခြေခံ လိုအပ်ချက်မှာ အတတ် ပညာရှင် နှင့် ကျွမ်းကျင် လုပ်သားများ ဖြစ်သည်။ အတတ် ပညာရှင်သည် သီအိုရီပိုင်း အရ စီမံကွပ်ကဲသူ ဖြစ်ပြီး ကျွမ်းကျင် လုပ်သားများမှာ လုပ်ငန်း၏ အခြေခံ အကျဆုံး အလုပ်များကို လုပ်ကိုင်ကြ သူများ ဖြစ်သည်။ အရည်အသွေး မြင့်မားသော ထုတ်ကုန်များ ထုတ်လုပ် နိုင်ရန် ကျွမ်းကျင် လုပ်သားများ မရှိမဖြစ် လိုအပ်သည်။ ၄င်းစက်မှု ကျွမ်းကျင် လုပ်သား အများစုကို ယခင်က အစိုးရ စက်မှုလက်မှု အထက်တန်း ကျောင်းများမှ မွေးထုတ် ပေးလျက် ရှိသည်။

ယခုအခါ နယ်မြို့ကြီး များတွင် ပြည်ပ အကူအညီဖြင့် စက်မှု သင်တန်းကျောင်း များဖွင့်လှစ် ပေးနိုင်ခဲ့ မှုကြောင့် စက်မှုကျွမ်းကျင် လုပ်သားများ လိုအပ်ချက်ကို အထိုက် အလျောက် ဖြည့်ဆည်း ပေးနိုင်ခဲ့သည်။ ယခုအခါ ပြည်ပ အကူအညီဖြင့် ဖွင့်လှစ် ပေးနိုင်ခဲ့သည့် စက်မှု သင်တန်းကျောင်း ခြောက်ခု ရှိသွားပြီ ဖြစ်သည်။

အိန္ဒိယနိုင်ငံ ၏ အကူအညီ ဖြင့် စက်မှု သင်တန်းကျောင်း (မြင်းခြံ)၊ ဂျာမနီနိုင်ငံ ၏ အကူအညီ ဖြင့် စက်မှု သင်တန်းကျောင်း (ဆင်တဲ)၊ တရုတ်နိုင်ငံ ၏ အကူအညီ ဖြင့် စက်မှု သင်တန်းကျောင်း (မန္တလေး)၊ ကိုရီးယား နိုင်ငံ၏ အကူအညီ ဖြင့် စက်မှု သင်တန်းကျောင်း (သာဂရ)၊ အိန္ဒိယနိုင်ငံ ၏ အကူအညီ ဖြင့် စက်မှု သင်တန်းကျောင်း (ပခုက္ကူ)၊ ကိုရီးယား နိုင်ငံ၏ အကူအညီ ဖြင့် စက်မှု သင်တန်းကျောင်း (မကွေး) တို့ကို ဖွင့်လှစ် ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စက်မှု သင်တန်းကျောင်း များ ဖွင့်လှစ်ပေး နိုင်ခဲ့မှုကြောင့် ယခုအခါ စက်မှု ကျွမ်းကျင် လုပ်သားများစွာ မွေးထုတ် ပေးနိုင် ခဲ့သည်။

သို့ဖြစ်ရာ အစိုးရ စက်မှု လက်မှု အထက်တန်း ကျောင်းများနှင့် စက်မှု သင်တန်းကျောင်း များမှ လိုအပ်သည့် အရည်အသွေး မြင့်မားသော စက်မှု ကျွမ်းကျင် လုပ်သား အမြောက်အမြား ကို မွေးထုတ် ပေးလာနိုင် ခဲ့သဖြင့် စက်မှုဇုန်များ၊ ပုဂ္ဂလိက အသေးစား၊ အလတ်စား လုပ်ငန်းများ အရှိန်အဟုန် ဖြင့် တိုးတက် လာရေး အထောက် အကူ ဖြစ်မည့်အပြင် ပြည်ပသို့ ကျွမ်းကျင် လုပ်သားများ စေလွှတ် ပြီး နိုင်ငံခြားငွေ တိုးတက် ရှာဖွေရေး ကိုလည်း ဆက်လက် ဖော်ဆောင် နိုင်မည် ဖြစ်ကြောင်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger