www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 17, 2014

စားနပ်ရိက္ခာဖူလုံရေး ၀ိုင်းဝန်းဆောင်ရွက်


စားနပ်ရိက္ခာဖူလုံရေး ၀ိုင်းဝန်းဆောင်ရွက်

ယနေ့ကာလ ကမ္ဘာကြီးတွင် တိုးပွား လာသည့် လူဦးရေနှင့် အချိုးညီသော စားနပ်ရိက္ခာ ထုတ်လုပ် နိုင်ရေးသည် နိုင်ငံအများ ရင်ဆိုင် နေရသည့် စိန်ခေါ်မှု တစ်ရပ် ဖြစ်လာသည်။ ယခုကမ္ဘာ့ လူဦးရေသည် ခုနစ် ဘီလီယံရှိပြီး ၂ဝ၅ဝ ပြည့်နှစ်တွင် လူဦးရေ ကိုးဘီလီယံ အထိ တိုးပွား လာနိုင်ကြောင်း ပညာရှင်များက ခန့်မှန်း ထားသည်။

လက်ရှိ လူဦးရေ အခြေအနေ ၌ပင် ကမ္ဘာ့လူသား အားလုံး၏ နေ့စဉ် လိုအပ်သည့် စားနပ်ရိက္ခာ လိုအပ်ချက်ကို ဖြည့်ဆည်း နိုင်ရန် နိုင်ငံအသီးသီး၏ အစိုးရများ အနေဖြင့် ကြိုးပမ်း ဆောင်ရွက် နေကြသကဲ့သို့ လူတိုင်း သက်တမ်းစေ့ နေထိုင်နိုင်ရေး အတွက် လုံလောက်သည့် အာဟာရ ပြည့်ဝသော စားနပ်ရိက္ခာများ ထုတ်လုပ် ရရှိရန်လည်း လိုအပ်လျက် ရှိသည်။

ကမ္ဘာပေါ်တွင် အသက်ငါးနှစ် အရွယ် ကလေးငယ် လေးဦးတွင် တစ်ဦးသည် ကြီးထွားမှု နှေးကွေးပြီး အာဟာရ ချို့တဲ့လျက် ရှိသည်။ တစ်နည်းအားဖြင့် ကမ္ဘာပေါ်ရှိ ငါးနှစ်အောက် ကလေးငယ် ၁၆၅ သန်းသည် အာဟာရ ချို့တဲ့လျက် ရှိနေသည်။ ထို့ပြင် ဖွံ့ဖြိုးဆဲ နိုင်ငံများမှ ကမ္ဘာ့လူဦးရေ နှစ်ဘီလီယံသည် အာဟာရ ချို့တဲ့မှုကို ခံစားနေရ သည်ဟု ဆိုသည်။

ထိုသို့ အာဟာရ ချို့တဲ့မှုကို ခံစားနေကြ ရခြင်းသည် စားနပ်ရိက္ခာ မဖူလုံ၍ ဖြစ်ကြ ရခြင်းဖြစ်သည်။ သို့ဖြစ်ရာ စားနပ်ရိက္ခာ ဖူလုံစေရန် ကြိုးစားကြ ရမည်ဖြစ်သည်။ သို့သော် စားနပ်ရိက္ခာ တိုးတက် ထုတ်လုပ်နေရုံမျှ မကဘဲ လေလွင့် ဆုံးရှုံးမှုများ လျော့နည်း သွားရန်လည်း ကြိုးစား ကြရမည် ဖြစ်သည်။ စားနပ်ရိက္ခာ စိုက်ပျိုးရေး အဖွဲ့ကြီးမှ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ တစ်ခုတွင် ကမ္ဘာတစ်ဝန်း ထုတ်လုပ်သည့် စားနပ်ရိက္ခာ အားလုံး၏ သုံးပုံတစ်ပုံသည် လေလွင့် အလဟဿ ဖြစ်ခဲ့ရ သဖြင့် ကမ္ဘာ့ စီးပွားရေးတွင် ဒေါ်လာ ဘီလီယံ ၇၅ဝ အလဟဿ ဖြစ်ခဲ့ရကြောင်း၊ အဆိုပါ လေလွင့်သည့် ရိက္ခာသည် တန်ချိန် ၁ ဒသမ ၃ ဘီလီယံခန့် ရှိပြီး အာရှဒေသ တွင် အများဆုံး ဖြစ်ကြောင်း ဖော်ပြ ထားသည်။ ထို လေလွင့်ဆုံးရှုံးမှု များသည် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ ဖူလုံမှု ပြဿနာများကို ကျော်လွှားရန် အတွက် အဓိက စိန်ခေါ်မှုလည်း ဖြစ်သည်။ ထုတ်လုပ်မှု တိုးတက် လာခြင်းမှသည်
စားနပ်ရိက္ခာ ဖူလုံရေး ရှေးရှု ဆောင်ရွက် သကဲ့သို့ ထွက်ရှိလာသည့် စားနပ်ရိက္ခာများ အကျိုးရှိရှိ ထိရောက်စွာ အလေအလွင့် နည်းပါးအောင် စားသုံးနိုင်ရေး ကိုလည်း စနစ်တကျ စီမံခန့်ခွဲ ဆောင်ရွက် သွားရမည် ဖြစ်သည်။

သို့ဖြစ်ရာ ယခုနှစ် ကမ္ဘာ့ စားနပ်ရိက္ခာနေ့ ဆောင်ပုဒ် ဖြစ်သည့် '' မိသားစုတိုင်း၏ စိုက်ပျိုး စွမ်းအားဖြင့် ကမ္ဘာကြီးကို ကျွေးမွေး စောင့်ရှောက် ကြပါစို့ '' ( Family Farming Feeding World Caring for The Earth ) ဟူသည့် ဆောင်ပုဒ်နှင့် ကိုက်ညီစွာ လူသားများ အတွက် အမှန်တကယ် အခြေခံ လိုအပ်ချက် ဖြစ်သည့် လူတိုင်း အာဟာရ ပြည့်ဝစွာဖြင့် သက်တမ်းစေ့ သက်ရှည် ကျန်းမာစွာ နေထိုင် စားသောက် နိုင်ရေးအတွက် ကမ္ဘာ့ပြည်သူများ နည်းတူ မြန်မာပြည်သူ အပေါင်းကလည်း လေးလေးနက်နက် အာရုံစူးစိုက်၍ တစ်ပိုင်တစ်နိုင် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger