www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 19, 2014

အောင်စိတ်မွေး၍ ဆောင်ဆုတွေ ယူခဲ့ပါ ရွှေမြန်မာ


အောင်စိတ်မွေး၍ ဆောင်ဆုတွေ ယူခဲ့ပါ ရွှေမြန်မာ

(၁၇)ကြိမ်မြောက် အာရှအားကစား ပြိုင်ပွဲကို ကိုရီးယားနိုင်ငံ အင်ချွန်မြို့ ၌ စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ကျင်းပမည် ဖြစ်သည်။ အားကစား ပြိုင်ပွဲတွင် အားကစားနည်း ၃၆ မျိုး ထည့်သွင်း ကျင်းပမည် ဖြစ်သော်လည်း မြန်မာနိုင်ငံမှ အဆင့်မီ အားကစားနည်း ၁ဝ မျိုးသာ ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

မြန်မာနိုင်ငံ အမျိုးသား အားကစား ကော်မတီ က စိစစ် ရွေးချယ်၍ စခန်းသွင်း လေ့ကျင့် ထားသော အားကစား သမား ၆၅ ဦးသည် မြားပစ်၊ ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊ အလေးမ၊ ဝူရှူး၊ ဘော်လီဘော၊ တိုက်ကွမ်ဒို၊ ဂျူဒို၊ နပန်း နှင့် ပြေးခုန်ပစ် အားကစား ပြိုင်ပွဲတို့တွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ မြန်မာ့ အားကစား မှတ်တမ်းများ၌ ၁၉၇၉ ခုနှစ်က ကျင်းပခဲ့သော (၁ဝ)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲတွင် ရွှေတံဆိပ် ၂၆ ခု ရရှိခဲ့ သဖြင့် နိုင်ငံအလိုက် ရွှေတံဆိပ် ရရှိမှုတွင် တတိယ အများဆုံး ရရှိခဲ့ပြီးသည့် နောက်ပိုင်း အောင်ပွဲနှင့် ဝေးကွာ ခဲ့သည်။

အောင်ပွဲနှင့် ဝေးကွာ နေသော မြန်မာ အားကစား သမားများသည် မြန်မာနိုင်ငံ က အိမ်ရှင်အဖြစ် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်မှ ၂၂ ရက်အထိ တတိယ အကြိမ်မြောက် ကျင်းပခွင့် ရရှိခဲ့သည့် (၂၇)ကြိမ်မြောက်အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ၌ မြန်မာ အားကစား သမားများက ရွှေတံဆိပ် ၈၆ ခု၊ ငွေတံဆိပ် ၆၂ ခု နှင့် ကြေးတံဆိပ် ၈၅ ခု စုစုပေါင်း ဆုတံဆိပ် ၂၃၃ ခု ရယူနိုင်ခဲ့ပြီး ရွှေတံဆိပ် ဒုတိယ အများဆုံး ရရှိသည့် နိုင်ငံအဖြစ် မြှင့်တင် ပေးခဲ့ကြသည်။

နိုင်ငံတော် အနေဖြင့် (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကို လက်ခံ ကျင်းပနိုင်ရန် ယခင် အစိုးရ လက်ထက် ၂ဝဝ၉ ခုနှစ်က စတင်ပြင်ဆင် ခဲ့သည်။ တစ်ပြိုင်တည်း မှာပင် အားကစား သမားများ ကိုလည်း စနစ်တကျ ရွေးချယ် လေ့ကျင့် ပျိုးထောင် ပေးခဲ့သည်။ ကြိုတင် ပြင်ဆင် လေ့ကျင့်ရေး တွင် နိုင်ငံတော် အနေဖြင့် သက်ဆိုင်ရာ အားကစား အဖွဲ့ချုပ်များ၊ မိတ်ဆွေ နိုင်ငံများ၊ မိတ်ဖက် အဖွဲ့အစည်း များနှင့် ပူးပေါင်း၍ မြန်မာ အားကစား သမားများ၏ စိတ်ဓာတ် ကြံ့ခိုင်ရေး၊ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် မြင့်မားရေး တို့နှင့် ပြည့်စုံရန် အချိန်ယူ ဆောင်ရွက် ပေးခဲ့သည်။ 

ထိုသို့ စနစ်တကျ ပြင်ဆင်ပြုစု ပျိုးထောင်မှု များနှင့် အားကစား သမားများ ၏ ကြိုးစား အားထုတ်မှု ပေါင်းစပ် လိုက်သည့်အတွက် မြန်မာတို့ ဂုဏ်ယူဖွယ်ရာ အောင်ပွဲများ ရရှိခဲ့ခြင်း ဖြစ်သည်။ (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သမိုင်း နှင့် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲသမိုင်း တို့တွင် ဂုဏ်ယူဖွယ်ရာ မော်ကွန်းသစ် တင်နိုင်ခဲ့ခြင်း ဖြစ်သည်။

သို့ဖြစ်၍ (၁၇) ကြိမ်မြောက် အာရှ အားကစား ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင် နေကြသော အားကစားသမား များသည် နိုင်ငံချစ်စိတ်၊ အမျိုးသားရေး စိတ်ဓာတ် နှင့် လှေခွက်ချည်းကျန် အလံမလှဲ သည့် စိတ်ဓာတ် တို့ကို ရင်ဝယ်ပိုက်လျက် ကြိုးစား ယှဉ်ပြိုင်ကြကာ သာလွန်သော ကြိုးစား အားထုတ်မှု၊ အနိုင်မခံ အရှုံးမပေး သော ရဲရင့်သည့် စိတ်ဓာတ်၊ သန့်ရှင်းသည့် အားကစား စိတ်ဓာတ်၊ မျှတသည့် ပြိုင်ဆိုင်မှု၊ စည်းလုံး ညီညွတ်သောအသင်းအဖွဲ့ စိတ်ဓာတ် တို့ဖြင့် အောင်ပွဲရယူ ခဲ့ကြပါရန် မြန်မာ ပြည်သူများ ကိုယ်စား မြဝတီက တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger